News

POST TYPE

LOCAL

ရှားပါး လင်းနို့မျိုးစိတ် နေထိုင် ကျက်စားသည့် ကျွဲမင်းဂူကို ဦးစားပေး ထိန်းသိမ်းမည်
17-Aug-2016 tagged as

ရန်ကုန်၊ သြဂုတ် ၁၇

ကျောရိုးမဲ သတ္တဝါ မျိုးစိတ်များနှင့် ဇီဝမျိုးစုံ မျိုးကွဲများ နေထိုင် ကျက်စားလျက် ရှိသည့် ထုံးကျောက်တောင် လိုဏ်ဂူများ အနက် ရှားပါး လင်းနို့မျိုးစိတ် (Bumblebee Bat) တစ်မျိုး နေထိုင် ကျက်စားသည့် ကရင်ပြည်နယ် ဘားအံမြို့ရှိ ကျွဲမင်းဂူကို အဓိက ဦးစားပေး ထိန်းသိမ်းသင့်ကြောင်း သစ်တော ဦးစီးဌာနက တိုက်တွန်း ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည် နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ထုံးကျောက်လိုဏ် ဂူများကို ကျောရိုးမဲ့ သတ္တဝါ မျိုးစိတ်များ၊ ကမ္ဘာပေါ်ရှိ လင်းနို့ မျိုးစိတ်များနှင့် မြန်မာနိုင်ငံရှိ လင်းနို့မျိုးစိတ်များ အစရှိသည့် ဇီဝ မျိုးစုံမျိုးကွဲများ နေထိုင် ကျက်စားသည့်အတွက် ထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် ကျွဲမင်းဂူကို အဓိက ဦးစားပေး အနေဖြင့် ထိန်းသိမ်းသင့်ကြောင်း အဆိုပါဌာနက အကြံပြု ပြောဆိုသည်။

ထုံးကျောက် လိုဏ်ဂူများတွင် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးလျက် ရှိသည့်အတွက် သဘာဝ ဂေဟစနစ် မပျက်စီးစေရန်နှင့် ရှားပါး မျိုးစိတ်များ မျိုးသုဉ်း ပျောက်ကွယ်ခြင်း မရှိစေရန် လိုဏ်ဂူ ရှစ်ခုကို ဦးစားပေး ရွေးချယ် ထိန်းသိမ်းမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင်များအဖွဲ့ (FFI) ထံမှ သိရသည်။

ကျွဲမင်းဂူအတွင်း ကမ္ဘာပေါ်တွင် အသေးဆုံး လင်းနို့မျိုးစိတ် တစ်မျိုးဖြစ်သည့် Bumblebee Bat မျိုးစိတ် နေထိုင်သည့်အတွက် ဦးစားပေး ထိန်းသိမ်းရန် ဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်း အဆိုပါ အဖွဲ့ Project Coordinator ဖြစ်သူ ဦးအောင်လင်းက သုံးသပ် ပြောကြားသည်။

ယင်းကဲ့သို့ ဦးစားပေး ထိန်းသိမ်းမည့် လိုဏ်ဂူရှစ်ခုမှာ ကော့ဂွန်းဂူ၊ ဘုရင့် ညီနောင်ဂူ၊ မဟာဆဒ္ဒန်ဂူ၊ ရသေ့ပျံဂူ၊ လင်းနို့ဂူ၊ သောင်ကလေးဂူ၊ ကျွဲမင်းဂူနှင့် ဓမ္မသတ်ဂူတို့ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ လင်းနို့ (Bumblebee Bat) ၏ ခန္ဓာကိုယ် အလေးချိန်မှာ နှစ်ဂရမ်သာရှိပြီး မွန်၊ ကရင်ပြည်နယ်တို့နှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတို့ရှိ လိုဏ်ဂူ အနည်းငယ်တွင်သာ တွေ့ရှိရသည့်အတွက် မျိုးသုဉ်း ပျောက်ကွယ်ခြင်း မရှိစေရန် ထိန်းသိမ်းသင့်ကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင်များအဖွဲ့ (FFI) က တိုက်တွန်း ပြောကြားထားသည်။

  • VIA
  • TAGS