News

POST TYPE

LOCAL

သူငယ်တန်း သင်ရိုးသစ် နားလည်မှု ဆန်းစစ်ချက် အစီရင်ခံစာ ယခုလကုန် ထွက်မည်
17-Aug-2016

ရန်ကုန်၊ သြဂုတ် ၁၇

ယခု ပညာသင်နှစ် စတင်ပြဋ္ဌာန်းသည့် သူငယ်တန်း(KG) သင်ရိုးသစ် အပေါ် ဆရာများ၏ နားလည်မှု ဆန်းစစ်ချက် အစီရင်ခံစာ သြဂုတ်လကုန် ထွက်မည်ဖြစ်ကြောင်း ဆရာ အတတ်ပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက The Voice သို့ ပြောကြားသည်။

ယခု အစီရင်ခံစာသည် မြို့နယ်အလိုက် အကဲဖြတ်ထားခြင်း ဖြစ်သည်။ အစီရင်ခံစာ ပြုစုပြီးလျှင် စာအုပ်ရိုက်နှိပ် ထုတ်ဝေ၍ မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၏ လက်ဝယ်အရောက် ဖြန့်ဝေနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း ဒေါက်တာ အောင်အောင်မင်းက ရှင်းပြသည်။

ယခုလဆန်းပိုင်းက နေပြည်တော်၌ ပြုလုပ်သည့် ဆရာ အတတ်ပညာကဏ္ဍ နှီးနှော ဖလှယ်ပွဲတွင် စာတမ်းအဖြစ် တင်သွင်း လိုသောကြောင့် တစ်နိုင်ငံလုံးမှ ဒေသအလိုက် တွေ့ရှိချက်ကို တင်သွင်း ဖတ်ကြားခဲ့ကြောင်း အဆိုပါ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွေနှောင်းသော်ထွန်းက ပြောကြားထားသည်။

သင်ရိုးသစ်ပါ အကြောင်းအရာ ၂၄ ခုအပေါ် နားလည် သဘောပေါက်မှု ပျမ်းမျှကိန်းများ တွက်ချက် နှိုင်းယှဉ်ရာတွင် ပဲခူးတိုင်း (အရှေ့ပိုင်း) က ပျမ်းမျှအဆင့် (၄ ဒသမ ၆၈၂၉) ဖြင့် နားလည် သဘောပေါက်မှု အများဆုံး ဖြစ်ပြီး ကယားဒေသက ပျမ်းမျှအဆင့် (၄ ဒသမ ၁၄၂၇) ဖြင့် အနိမ့်ဆုံးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

သူငယ်တန်း (KG) သင်ရိုးညွှန်းတမ်း၊ နယ်ပယ်အလိုက် သင်ယူမှု လုပ်ငန်းများ၊ ချဉ်းကပ်နည်း အထောက်အကူပြု ပစ္စည်းများနှင့် ကလေးများ သင်ယူမှုနှင့် ဖွံ့ဖြိုးမှုကို စစ်ဆေး အကဲဖြတ်ခြင်း၊ သင်ယူမှု ပုံစံများ သရုပ်ပြခြင်းနှင့် လက်တွေ့သင်ကြားခြင်း၊ အကူးအပြောင်းကာလ ချောမွေ့စေရေး လုပ်ငန်းများ ခေါင်းစဉ် အောက်တွင် အကြောင်းအရာ ၂၄ ခု ပါဝင်ခြင်းဖြစ်သည်။

ဧပြီလနှင့် မေလဆန်းက သူငယ်တန်း သင်ကြားမည့် ဆရာ၊ ဆရာမ ကိုးသောင်းကျော်ကို မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ပေးပြီး ဆန်းစစ်ခြင်း ဖြစ်သည်။ အကဲဖြတ်လွှာတွင် ဆရာ၊ ဆရာမများ အနေနှင့် နားလည် သဘောပေါက်မှု အခြေအနေကို အပြည့်အဝ နားလည်၊ အတန်အသင့် နားလည်၊ ကြားနေ၊ အနည်းငယ် နားလည်၊ လုံးဝ နားမလည်ဟု အဆင့်ခွဲထားကြောင်း ဒေါ်နွေနှောင်းသော်ထွန်းက ရှင်းပြသည်။

ဒေသ ၁၈ ခုမှ ပေးပို့သော အကဲဖြတ် အကြံပြုလွှာ ၈၉,ဝဝဝ ကျော်တွင် အထွေထွေ အကြံပြုချက် ရေးသားဖော်ပြခြင်း မရှိသည့် အရေအတွက်၂ ၂,ဝဝဝ ကျော်ရှိသောကြောင့် စုစုပေါင်း အရေအတွက်၏ လေးပုံတစ်ပုံခန့် ဖြေဆိုခြင်း မရှိသည်ကို တွေ့ရကြောင်း၊ ချင်းပြည်နယ်က အများဆုံး ရေးသားဖော်ပြခြင်း မရှိကြောင်း ၎င်းက ပြောကြားသည်။ 

  • VIA