News

POST TYPE

LOCAL

အဆောက်အအုံဆောက်လုပ်ခွင့်နည်းဥပဒေသစ်၏ လုပ်ထုံးလုပ်နည်းများကို ယခုလကုန်တွင် ထုတ်ပြန်မည်ဟုဆို
17-Aug-2016

အဆောက်အအုံများ ဆောက်လုပ်ခွင့်ပေးရန် ပြင်ဆင်ရေးဆွဲထားသည့် နည်းဥပဒေအသစ်၏ လုပ်ထုံးလုပ်နည်းများကို ယခုလကုန်တွင် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။

အထပ်မြင့်၊ အထပ်နိမ့် အဆောက်အအုံတွေ အားလုံးကို ဆောက်လုပ်ခွင့်ပြုမည့် နည်းဥပဒေအသစ်ကို ရေးဆွဲပြီးဖြစ်၍ ယင်းနည်းဥပဒေအသစ်၏ လုပ်ထုံးလုပ်နည်းများကို   ပြည်သူများ သိရှိအောင် ထုတ်ပြန်ကြေညာခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

"ယခုလက်ရှိမှာ မူဝါသစ်ရဲ့ လုပ်ထုံးလုပ်နည်းတွေကို မြန်မာနိုင်ငံ ဗိသုကာအသင်းနဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့ကို ချပြပြီးပြီ။ မကြာမီ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းနဲ့ ပြည်သူတွေကို ချပြသွားမယ်။ အားလုံးကို ချပြပြီးသွားရင် တိုင်းအစိုးရအဖွဲ့ကို တင်ပြပြီး အတည်ပြု ချက် ရယူသွားပါမယ်"ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့ အင်္ဂါရပ်ကို ထိန်းသိမ်းနိုင်မည့် စံနှုန်းအသစ်များ ထည့်သွင်းရေး ဆွဲထားသည့် အဆိုပါ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများကို မကြာမီ ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး ယခုလက်ရှိ ကျင့်သုံးနေသည့် ဆောက်လုပ်ရေးနှင့် ပတ်သက်သည့် စည်းမျဉ်းများကိုယူကာ ခေတ်စနစ်နှင့် ကိုက်ညီသည့် မူဝါဒအသစ်ကို ရေးဆွဲထားကြောင်း ၎င်းက ဆက်လက်ဆိုသည်။

ယခုကြေညာချက် မထုတ်ခင် အဆောက်အအုံ တည်ဆောက်ခွင့် တင်ထားသည့် အမှုတွဲများကို မူဝါဒအဟောင်းဖြင့် စိစစ် ခွင့်ပြုပေးသွားမည်ဖြစ်ပြီး လက်ရှိအစိုးရ လက်ထက်တွင် အဆောက်အအုံ မူဝါဒအသစ် ရေးဆွဲခြင်းနှင့် အထပ်မြင့် အဆောက်အအုံများ ပြန်လည်စိစစ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်ပြီး စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီထံမှ သိရှိရသည်။

"မူဝါဒအသစ်က အများပြည်သူအတွက် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေ လွယ်လွယ်ကူကူနဲ့ အဆင်ပြေမယ့် မူဝါဒမျိုး ချမှတ်နိုင်မယ်ဆိုရင် ပိုကောင်းမယ်လို့ မြင်ပါတယ်။ အခုကတော့ လက်ရှိလုပ်နေတဲ့ မူဝါဒရော အခုလုပ်မယ့် မူဝါဒရော ကြားက လုပ်ကိုင်နေတဲ့ ၀န်ထမ်းတွေရဲ့ လာဘ်ပေး၊ လာဘ်ယူစနစ်တွေ ပပျောက်ဖို့ လုပ်ဆောင်ရန် ပိုကောင်းပါတယ်"ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးထွန်းထွန်းလင်းက ဆိုသည်။ 

  • VIA