News

POST TYPE

LOCAL

ပုသိမ်တွင် စံချိန်တင်ခဲ့သော င၀န်မြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိမည်
17-Aug-2016

ပုသိမ်မြို့တွင်  စံချိန်သစ်တင်ခဲ့သော  င၀န်မြစ်ရေ၏ စိုးရိမ်ရေမှတ်သည် စိုးရိမ်ရေမှတ်၏ အထက်တွင် နောက်ထပ် သုံးရက်အထိ ဆက်လက် ရှိနေမည်ဖြစ်ကြောင်း ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီး မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ငဝန်မြစ်ရေသည်  သြဂုတ်လ ၁၃ ရက်နေ့က ပုသိမ်မြို့၏  စိုးရိမ်ရေအမှတ် ၃၅၀ စင်တီမီတာကို ကျော်လွန်၍ ၄၀၀ စင်မီတာသို့ ရောက်ရှိခဲ့ရာ ၁၁ နှစ်တာ ကာလအတွင်း  စံချိန်သစ် တင်ခဲ့သော်လည်း  သြဂုတ် ၁၆ ရက်နေ့ တွင်  ၄၀၁ သို့  ရောက်ရှိ၍ ထပ်မံ စံချိန်သစ်တင်ခဲ့ခြင်း ဖြစ်သည်။ 

သြဂုတ်လ ၁၇ နှင့် ၁၈ ရက်နေ့များသည် ပင်လယ်ဒီရေမြင့်တက်မှု အမြင့်ဆုံး နေ့ရက်များ ဖြစ်သောကြောင့် ငဝန် မြစ်ရေ(ပုသိမ်မြစ်ရေ) မြင့်တက်မှုသည် စိုးရိမ်ရေမှတ်  ၃၅၀ အောက်သို့ ကျနိုင်ဖွယ် မရှိခြင်းဖြစ်ကြောင်း  မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနထံမှ သိရသည်။

"မြစ်ညာရေက ဆင်းနေဆဲ ပင်လယ်ဒီရေ မြင့်တက်ချိန် မိုးကလည်းရွာနေမယ်ဆိုရင် ပုသိမ်မြို့ရဲ့ အနိမ့်ပိုင်းနေရာ ရေပိုမြုပ်လာနိုင်တယ်" ဟု ဧရာဝတီတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန ဦးစီးအရာရှိ ဦးလှမြင့်က သုံးသပ်သည်။

ပုသိမ်မြို့တွင် မြစ်ရေလျှံ နစ်မြုပ်မှုကြောင့် အခြေခံပညာကျောင်းများ အားလုံး ပိတ်ထားရပြီး ပုသိမ် ရေဘေးရှောင်စခန်း ၅၇ ခုတွင် ရေဘေးရှောင်သူ ၁၃,၁၄၅ ဦး အထိ ခိုလှုံနေရကြောင်း၊ ရေဘေးကြောင့် တံတား ၃ စင်း ကျိုးပျက်၍ လယ်ဧက ၂၁၃၃၁ ကျော် ရေနစ်မြုပ်ကာ  လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ပုသိမ်မြို့နယ် သဘာဝဘေးအန္တရယ် ကာကွယ်ရေး ကော်မတီထံမှ သိရှိရသည်။

  • VIA