News

POST TYPE

LOCAL

ရန်ကုန်မြို့တွင်းခြောက်မြို့ နယ်မှ နောက်ဖေးလမ်းကြားရှိ စွန့်ပစ်အမှိုက်များကို စတင် ရှင်းလင်း
17-Aug-2016

ရန်ကုန်မြို့တော်ရှိ မြို့တွင်း ၆ မြို့ နယ်မှ နောက်ဖေးလမ်းကြားရှိ စွန့်ပစ်အမှိုက်များကို ယခုလ ၁၅ ရက်နေ့မှ စတင်ကာ ရှင်းလင်းနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်သန်းမြင့်အောင်က ပြောကြားသည်။

အဆိုပါ စွန့်ပစ်အမှိုက်များ ရှင်းလင်းမှုကို  တစ်မြို့နယ်လျှင် ဝန်ထမ်းအင်အား ၃၀ခန့်ဖြင့် ရက် ၂၀ခန့် ကြာမြင့်နိုင်ပြီး  အမှိုက်ပမာဏနှင့် လမ်းအရေအတွက်ပေါ် မူတည်ကာ အချိန်ကြာမြင့်နိုင်ကြောင်း ၊ လတ်တလောတွင် လမ်းမတော်နှင့် ပုဇွန်တောင်မြို့နယ်များကို  ရှင်းလင်းနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"ပြည်သူတွေ တာဝန်သိမှု၊ တာဝန်ယူမှု ရှိဖို့အတွက် ဒဏ်ရိုက် အရေးယူတာမျိုး မလုပ်ဘဲ၊ အသိပညာပေးတာမျိုးနဲ့ပဲ လုပ်သွားမှာပါ"ဟု  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒေါ်သန်းမြင့်အောင်က ပြောကြားသည်။ 

နောက်ဖေးလမ်းကြားများမှ အမှိုက်များကို သွားရောက်ရှင်းလင်းချိန်တွင် သက်ဆိုင်ရာမြို့နယ်မှ  အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်မည်ဖြစ်သောကြောင့် ၎င်းတို့ အနေနှင့်လည်း ပြည်သူများကို အသိပေးခြင်း၊ အကြံဥာဏ်ပေးခြင်းများကို လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း၊ ပြည်သူများကလည်း တာဝန်ယူမှုရှိစွာဖြင့် စွန့်ပစ်အမှိုက်များကို စနစ်တကျ ထုပ်ပိုးကာ သတ်မှတ်ထားသော အမှိုက်စွန့်ပစ်ရန် နေရာတွင် စွန့်ပစ်ရမည်ဖြစ်ကြောင်း  ၎င်းက ထောက်ပြ ပြောကြားသည်။
နေ့စဉ် အမှိုက်တန်ချိန် ၁၆၀၀ ခန့် ထွက်ရှိသော ရန်ကုန်မြို့တော်၏ အမှိုက်သိမ်းလုပ်ငန်းများကို ဝန်ထမ်းအင်အား ၃၇၀၀ ကျော်၊ အမှိုက်သိမ်း ယာဉ် ၂၈၇ စီးဖြင့် ဆောင်ရွက်လျက်ရှိပြီး၊ မြို့နယ်အားလုံးတွင် အုတ်အမှိုက်ကန် ၃၀၀ ကျော်နှင့် အမှိုက်ပုံး ၆၀၀၀ ကျော် ဖြန့်ဝေထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနထံမှ သိရှိရသည်။

  • VIA