News

POST TYPE

LOCAL

ခရီးသည်တင်ယာဉ်လိုင်း ဆယ်လိုင်းကျော် ရေဘေးသင့် ဒေသများအတွက် တစ်နေ့တာ ယာဉ်စီးခ ငွေများဖြင့် အလှူခံ
15-Aug-2016

ရန်ကုန်၊ သြဂုတ် ၁၅

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်း ဆယ်လိုင်းကျော်သည် တစ်နေ့တာ ယာဉ်စီးခ ကောက်ခံငွေများဖြင့် ရေဘေးသင့် ဒေသများကို လှူဒါန်းလျက်ရှိကြောင်း ယာဉ်လိုင်းများထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ယာဉ်လိုင်းများသည် တစ်နေ့တာ ယာဉ်စီးခ ငွေများကို ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ စပယ်ယာနှင့် ယာဉ်လိုင်း ဝန်ထမ်းများ၏ တစ်နေ့တာ လုပ်အားခငွေများနှင့် ခရီးသည်များထံမှ ကောက်ခံရသော ယာဉ်စီးခငွေများကို လှူဒါန်းနေခြင်း ဖြစ်သည်။

“ယာဉ်လိုင်းတွေက တစ်နေ့တာ ရရှိငွေကို လှူဒါန်းဖို့ ကျွန်တော်တို့ကို ဖုန်းဆက် အသိပေးထားတာတွေ ရှိတယ်။  တချို့ ယာဉ်လိုင်းတွေက အသိ မပေးဘဲ သူတို့ ဘာသာ ဆွဲနေတာ ရှိတယ်”ဟု မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။

ရေဘေးသင့် ဒေသများသို့ သွားရောက် လှူဒါန်းရန် ယာဉ်လိုင်းမိသားစု များက စုပေါင်း ပြုလုပ်ခြင်း ဖြစ်ကာ မိမိ ယာဉ်လိုင်းများ၏ အစီအစဉ်များအရ ရေဘေးသင့် ဒေသ အသီးသီးကို သွားရောက် လှူဒါန်းနေခြင်း ဖြစ်ကြောင်း အဆိုပါ ယာဉ်လိုင်းများထံမှ သိရသည်။

လက်ရှိတွင် ၂ဝ၂ ခရီးသည်တင် ယာဉ်လိုင်း၊ ၄၉ ခရီးသည်တင် ယာဉ်လိုင်း၊ ၃၁ ယာဉ်လိုင်း၊ ၁ဝ၇ ယာဉ်လိုင်း၊ ၂၄၅ ယာဉ်လိုင်း၊ ၁ဝ၃ ယာဉ်လိုင်းနှင့် ၁ဝ၈ ယာဉ် လိုင်း အစရှိသော ခရီးသည်တင် ယာဉ်လိုင်းများသည် တစ်နေ့တာ ယာဉ်စီးခ ငွေများဖြင့် လှူဒါန်းလျက် ရှိသည်။

“ကနေ့ကို ကားခ သဘောနဲ့ ကောက်တာ မဟုတ်ဘဲ ရေဘေးသင့် ဒေသတွေအတွက် ခရီးသည်တွေကို အလှူခံငွေ အနေနဲ့ ကောက်တာပါ။ ကားခကို ဘယ်လောက် ပေးရမယ်ဆိုပြီး သတ်မှတ် မထားဘူး။ ထည့်ချင်သလောက် ထည့်လို့ ရပါတယ်။ ကနေ့ရတဲ့ ငွေတွေ စုပြီး လှူဒါန်းတာပါ။ ကျွန်တော်တို့က ကွမ်းယာဖိုးတောင် ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်စားတာပါ”ဟု ၂၄၅ ယာဉ်လိုင်းမှ ယာဉ်လုပ်သား တစ်ဦးက သြဂုတ်လ ၁၅ ရက်က ဆိုသည်။

ယာဉ်လိုင်း အချို့သည် တစ်နေ့တာ ယာဉ်စီးခ ကောက်ခံငွေများနှင့် လှူဒါန်းနေပြီး အခြား ယာဉ်လိုင်းများမှလည်း ထိုသို့ ပြုလုပ်ရန် အစီအစဉ်များ ရှိကြောင်း ယာဉ်လိုင်းများထံမှ စုံစမ်း သိရှိရသည်။ 

မြန်မာနိုင်ငံ အနှံ့တွင် ဖြစ်ပေါ်နေသော ရေဘေးကြောင့်  ရေဘေးသင့် ဒေသများအတွက် ပရဟိတ အသင်းများနှင့် လူငယ်များကလည်း ရန်ကုန်မြို့တွင်း နေရာ အနှံ့အပြား အလှူခံလျက် ရှိသည်။

လက်ရှိတွင် ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်း ၃ဝဝ ကျော်ရှိပြီး မှတ်ပုံတင်ထားသော ခရီးသည်တင် ယာဉ်စီးရေ ၇ဝဝဝ ကျော် ရှိကာ နေ့စဉ် ပြေးဆွဲနေသော ခရီးသည်တင် ယာဉ် ၄၅ဝဝ စီးကျော် ရှိကြောင်း မထသ (ဗဟို) ၏ စာရင်းများအရ သိရသည်။

  • VIA