News

POST TYPE

LOCAL

ယာယီပိတ်ထားရသည့် ပဲခူးအနောက်ခြမ်းရှိ ကျောင်း ၄၀၀ နီးပါးအနက် ၁၀၀ ကျော် ပြန်ဖွင့်
15-Aug-2016
တောင်ငူ၊ သြဂုတ်၁၅

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်နှင့် သာယာဝတီခရိုင်များရှိ မြို့နယ်တချို့တွင် ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်း ၄၀၀ နီးပါးအနက် ပြည်မြို့အပါအဝင် ရေပြန်လည်ကျဆင်းခဲ့သည့် မြို့နယ်သုံးခုရှိ ကျောင်းပေါင်း ၁၀၆ ကျောင်းကို ယနေ့ (သြဂုတ် ၁၅ ရက်) တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

“ရေကျဆင်းသွားပေမယ့် အဆင်သင့် မဖြစ်သေးတဲ့ ကျောင်းအချို့လည်း ရှိတော့ ကျောင်းအားလုံး ပြန်မဖွင့်နိုင်သေးပါဘူး။ လက်ရှိမှာတော့ ပြည်နဲ့ ပန်းတောင်ဘက်က ကျောင်းပေါင်း ၁၀၆ ကျောင်းကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ပဲခူးအရှေ့ခြမ်းက ပိတ်ထားတဲ့ ကျောင်း ၃၅ ကျောင်းလည်း ပြန်ဖွင့်နေပါပြီ” ဟု ပဲခူးတိုင်း ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သြဂုတ် ၁ ရက်မှစ တင်ပြီး ပြည်ခရိုင်နှင့် သာယာဝတီခရိုင်ရှိ မြို့နယ်အချို့တွင် ဧရာဝတီမြစ်နှင့် အခြားမြစ်လက်တက်များ ရေကြီးရေလျှံခဲ့သည့်အတွက် လူဦးရေ ၅၀၀၀၀ ကျော် ရေဘေးလွတ်ရာ နေရာများနှင့် ကယ်ဆယ်ရေးစခန်းများတွင် ရောက်ရှိနေထိုင်ခဲ့ကြရပြီး အခြခံပညာကျောင်း ၃၈၉ ကျောင်းကို ၁၀ ရက်ကျော်ကြာ ယာယီပိတ်ပေးခဲ့ရကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ စုံစမ်းသိရှိရသည်။

“ပြည်မှာ ရေပြန်ကျသွားတဲ့ သြဂုတ် ၁၀ ရက် နောက်ပိုင်းကတည်းက ရေဘေးရှောင် မိသားစုဝင်တွေ နေအိမ်ပြန်ရောက်ကုန်ပြီ။ ကျောင်းတွေကတော့ မနေ့က သန့်ရှင်းရေးတွေ လုပ်ခဲ့ပြီး ဒီနေ့ မနက်မှာ ပြန်ဖွင့်ကုန်ပြီ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဓာတ်ပုံ - Pa Pa Han