News

POST TYPE

LOCAL

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်း ဆက်သွယ်သွားလာမှု မပြတ်တောက်စေရေး လမ်းကြောင်းနှစ်ခု စီစဉ်းထားဟုဆို
15-Aug-2016

မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးကားလမ်း ဖြစ်သည့် ကလေး-ကလေးဝ ကားလမ်း မြေသားပြိုကျမှုကြောင့် ဆက်လက်သွားလာရန် မဖြစ်နိုင်တော့ပါက ဆက်သွယ်သွားလာမှု မပြတ်တောက်စေရေး လမ်းကြောင်းနှစ်ခု စီစဉ်ထားကြောင်း စစ်ကိုင်းတိုင်း လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောသည်။

ကလေးဝမြို့မှ ၁၀ မိုင်အကွာ ကလေး-ကလေးဝ မြစ်သာမြစ်ဘေးကပ်၍ ဖောက်ထားသည့် ကားလမ်းသည် ယခုနှစ် မေလမှ စတင်ကာ အက်ကြောင်းများ ဖြစ်ပေါ်ခဲ့ပြီး ယခုလ ၁၀ ရက်နေ့တွင် အက်ကြောင်းများ ဆိုးဝါးစွာ ဖြစ်ပေါ်လာပြီးနောက် မော်တော်ယာဉ်များ သွားလာမှုကို ရပ်နားထားခဲ့ရသည်။

ထိုသို့ အက်ကြောင်းများ ဖြစ်ပေါ်နေသည့် နေရာတွင် သဲကျောက်များဖို့ကာ ယာယီသွားလာ၍ အဆင်ပြေစေရန် ပြုလုပ်ခဲ့ပြီး ယင်းနေရာသို့ သြဂုတ် ၁၃ ရက်က စစ်ကိုင်းတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း လာရောက်လေ့လာစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လမ်းအဆက်အသွယ် မပြတ်အောင် ကျောက်ရောမြေ ခင်းထားတယ်။ သေချာပြီ ဆိုရင်တော့ ကတ္တရာ ထပ်ပိုးထားလိုက်မယ်။ ရေရှည်အတွက်ကျတော့ တောင်ပေါ်ကနေ နှစ်ဆယ့်နှစ်မိုင်ရှည်တဲ့ တစ်ကြောင်းထိုးလမ်းဖောက်ဖို့ လေ့လာမှုတွေ ပြုလုပ်နေပါတယ်” ဟု ဝန်ကြီးက ပြောသည်။

အဆိုပါ ကားလမ်သည် ကလေးဝ မြို့သူမြို့သားများ ဆက်သွယ်သွားလာမှု မပြတ်တောက်စေရေး ရေရှည်စီမံကိန်းအတွက် စီစဉ်ထားဆဲသာ ဖြစ်ကြောင်း၊ အက်ကြောင်းများ ဖြစ်ပေါ်နေသည့် လမ်းပြိုကျခြင်းမှာ မြေစီလွှာထိန်းသိမ်းမှု အားနည်းခြင်းကြောင့် ဖြစ်ကြောင်း၊ လက်ရှိ ကားလမ်း အသုံးပြုနိုင်ရန်အတွက် မြေဆီလွှာ ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး အသုံးပြုမရနိုင်သည်အထိ ပြတ်တောက်သွားပါက ယင်းနေရာအပေါ်ဖက် တောင်ကြောပေါ်မှ သွားလာ၍ အဆင်ပြေစေရန် လမ်းအသစ် ဖောက်ပေးသွားမည် ဖြစ်သည်ဟု ဝန်ကြီးက ပြောသည်။

ကလေး-ကလေးဝ ကားလမ်းသည် အရှည် ၂၃ မိုင်ရှိပြီး မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး ကားလမ်းတစ်ခုလည်း ဖြစ်ကာ မန္တလေးမြို့၊ မုံရွာမြို့များမှ တစ်ဆင့် မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့သို့ ကုန်စည်များ တင်ပို့ရန် အရေးပါသော လမ်းတစ်ခုလည်း ဖြစ်သည်။