News

POST TYPE

LOCAL

နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံ အတွင်းရှိ ဆောက်လုပ်ဆဲ ငါးထပ်တိုက် ငြမ်းပြို၍ တစ်ဦး သေဆုံး
14-Aug-2016

ရန်ကုန်၊ သြဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကုဆေးရုံကြီးဝင်းတွင် သြဂုတ်လ ၁၃ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်က တိုးချဲ့ဆောက်လုပ်နေသည့် ငါးထပ်အဆောက်အအုံရှိ ငြမ်းပြိုကျခဲ့ရာ ပန်းရန်လုပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ငြမ်းပြိုမှုကြောင့် ဆိပ်ကြီးခနောင်တို မြို့နယ်နေ အသက် ၃၂ နှစ်ရှိ ပန်းရန်လုပ်သား ကိုထွန်းလင်းနောင် သေဆုံးခဲ့ပြီး လှိုင်သာယာမြို့နယ်နေ အသက် ၂၀ နှစ်ရှိ ကိုမြင့်နိုင်ဦးမှာ ခါးတွင် ဒဏ်ရာရရှိခဲ့ကြောင်း တာမွေမြို့နယ် NLD ပြန်ကြားရေး ကော်မတီဝင် ဦးနေမင်းထွန်းက ပြောကြားသည်။
“တပ်ဖွဲ့ဝင်အင်အား ၃၀ နဲ့ ကိုထွန်းလင်းနောင်ပေါ် သံတစ်ကျပ်လုံးတန်းကြီး ပိမိနေလို့ အသက်ကယ်ယာဉ်မှာပါတဲ့ ကိရိယာတွေ အသုံးပြုပြီး တစ်နာရီကျော်ကြာ ထုတ်ခဲ့ရပါတယ်။ မျက်နှာ၊ နှာခေါင်းနဲ့ နံရိုးတွေ ကျွံသွားတာ တွေ့ရပါတယ်” ဟု တာမွေမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းဦးက ဆိုသည်။

နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီးကို ခုတင် ၁၅၀ မှ ခုတင် ၅၀၀ ဆံ့ ဆေးရုံအဖြစ် တိုးမြှင့်ထားသောကြောင့် တိုးချဲ့ဆောက်လုပ်နေဆဲ ငါးထပ်အဆောက်အအုံ၏ ငါးထပ်အမြင့်မှ လေးထပ်သို့ ငြမ်းပြိုခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။

“အခုပြိုကျတဲ့ အဆောက်အအုံမှာ အောက်ကထောက်ထားတာ အရည်အသွေးမကောင်းလို့ ဖြစ်သွားတာ။ ဒီဟာကို Safety အတွက် ပြန်စစ်ရမယ်။ လူသေဆုံးသွားတဲ့အတွက် နောက်ပိုင်း ဒီလိုမျိုးတွေ မဖြစ်စေရန် အရေးယူသွားမယ်။ နစ်နာတဲ့သူတွေ အတွက်လည်း ထိုက်သင့်တဲ့ လျော်ကြေးပေးသွားမှာပါ” ဟု ဖြစ်ပွားရာနေရာသို့ လာရောက်ကြည့်ရှုခဲ့သည့် ရန်ကုန်မြို့တော်ဝန် ဒေါက်တာမောင်မောင်စိုးက ဆိုသည်။

အဆိုပါ ငါးထပ်အဆောက်အအုံကို ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် မင်းလွင် ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ပြီး ငြမ်းပြိုပြီး လူသေဆုံးမှုကြောင့်  တာမွေရဲတပ်ဖွဲ့မှ သေမှုသေခင်းဖြင့် အမှုဖွင့်အရေးယူကာ စုံစမ်းစစ်ဆေးလျက် ရှိနေကြောင်း ဒုရဲမှူး မျိုးမြင့်ကြိုင်က ပြောကြားသည်။

ငြမ်းပြိုကျမှုကြောင့် သေဆုံးခဲ့သည့် ပန်းရန်လုပ်သား ကိုထွန်းလင်းနောင်၏ အလောင်းကို တာမွေမြို့နယ် မီးသတ်ယာဉ်တစ်စီး ၁၉၁ အသက်ကယ်ယာဉ်တစ်စီးနှင့် စမ်းချောင်းမြို့နယ်မှ အသက် ကယ်ယာဉ်တစ်စီးနှင့် မီးသတ်အင်အား ၃၀ နှင့် တာမွေမြို့နယ် ရဲတပ်ဖွဲတို့ ပူးပေါင်းရှာထုတ်ခဲ့ရသည်။