News

POST TYPE

LOCAL

သာပေါင်းမြို့နယ်တွင် ၈၀ရာခိုင်နှုန်းခန့် ရေနစ်မြုပ်
14-Aug-2016
ပုသိမ်၊ သြဂုတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ်တွင် ကျေးရွာအုပ်စု ၆၀ အုပ်စုမှာ ရေနစ်မြုပ်နေသဖြင့် မြို့နယ်၏ ၈၀ ရာခိုင်နှုန်းခန့် ရေကြီးနစ်မြုပ်လျက်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များ နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။

သာပေါင်းမြို့နယ်၏ အနိမ့်ပိုင်းနေရာများက နှစ်စဉ်ရေကြီးနစ်မြုပ်နေသာ်လည်း ယခုနှစ်တွင် ရေဘေးဒဏ်ပိုသင့်ခဲ့ကြောင်း၊ ယခင်က ရေမနစ်မြုပ်သောကျေးရွာများတွင် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နေကြောင်း၊ သာပေါင်းမြို့နယ်တွင် ကျေးရွာ ၇၀ ရှိသည့်အနက် ကျေးရွာ ၆၀ ရွာတွင် ရေဘေးသင့်လျက်ရှိကြောင်း၊ ရေဘေးသင့် ပြည်သူများမှာ စားနပ်ရိက္ခာနှင့် သောက်သုံးရေ အဓိကလိုအပ်နေကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်ဦးက ပြောကြားသည်။

"ရွာမှာက ရေပင်လယ်ဖြစ်နေပြီ၊ အလုပ်အကိုင် ဝင်ငွေမရှိတော့ စားရေး၊ သောက်ရေး အခက်အခဲတွေရှိတယ်။ ရေကျသွားရင်လည်း လယ်ပြန်စိုက်ဖို့ စက်သုံးဆီ တို့၊ မျိုးစပါးတို့ လိုနေပါတယ်"ဟု ရုံးချောင်း ရွာမှ ဦးစိုးဦးက ပြောပြသည်။

သာပေါင်း မြို့နယ်တွင် ကျေးရွာအုပ်စု ၆၀ အုပ်စု၊ ကျေးရွာပေါင်း ၃၀၀ ကျော်မှ အိမ်ခြေ ၁၅၄၃၈ တို့ရေနစ်မြုပ်နေပြီး အိမ်ထောင်စု ၁၆၀၁၇ မှ လူဦးရေ ၆၈၃၀၇ ဦး ရေဘေးဒုက္ခခံစားနေရကြောင်း၊ ကယ်ဆယ်ရေးစခန်း ၃၇ ခုဖွင့်ထားပြီး လူဦးရေ ၄၀၀၀ ခန့်ရောက်ရှိနေကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။

သာပေါင်းမြို့နယ် ရေဘေးအတွက် ထောက်ပံ့ငွေကျပ်သိန်း ၈၀ နှင့် ဆန်အိတ် ၅၀ ကို ထောက်ပံ့ ပေးထားကြောင်း၊ သြဂုတ် ၁၂ ရက်ကလည်း ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူ သွားရောက်ကြည့်ရှုခဲ့ပြီး ဆန်အိတ် ၂၀၀ နှင့် စားသောက်ကုန်၊ သောက်သုံးရေ၊ ဆေးနှင့် ဆေးပစ္စည်းများနှင့် ဗလာစာအုပ်များကို ထောက်ပံ့ပေးခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

သာပေါင်းမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ချိတ်ဆက် လှူဒါန်းနိုင်ကြောင်း၊ ကျေးရွာများသို့ တိုက်ရိုက်သွားရောက် လှူဒါန်းလိုသူများအနေဖြင့် သာပေါင်းမြို့နယ်မှတစ်ဆင့်သွားရောက်နိုင်သည့်အပြင် ရေကြည်မြို့နယ် အသုတ်မြို့၊ ကန်ကြီးထောင့်မြို့နယ် ဒါးကကျေးရွာနှင့် ကန်ကြီးထောင့်မြို့တို့မှ သွားရောက်လှူဒါန်းနိုင်ကြောင်း ယင်းအစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။