News

POST TYPE

LOCAL

လူမှုကွန်ရက်ပေါ် ပြန့်နှံ့နေသည့် အကောက်ခွန်ဦးစီးဌာန ရုံးတွင်းအမိန့်စာကိစ္စ စစ်ဆေးအရေးယူမည်
14-Aug-2016 tagged as

ဌာနတွင်း ထုတ်ပြန်သည့် ရုံးတွင်းအမိန့်စာ လူမှုကွန်ရက်ပေါ် ပြန့်နှံ့သွားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ညွှန်ကြားချက်ထုတ်သူကို သြဂုတ် ၁၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန တာဝန်ရှိ အကြီးအကဲများက ခေါ်ယူ စစ်ဆေးအရေးယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဇနီးဖြစ်သူ ဆေးရုံတက်ရောက် ကုသခံယူနေမှုအပေါ် အနီးကပ် စောင့်ရှောက်ရန် ဌာနခွဲများမှ ဦးစီးအရာရှိနှင့် အကောက်ခွန်မှူး အဆင့်ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး စာရင်းပေးရမည်ဆိုသည့် အကောက်ခွန်ဦးစီးဌာန၏ ရုံးတွင်းအမိန့်စာ လူမှုကွန်ရက်ပေါ် ပြန့်နှံ့လာခြင်းနှင့် ပတ်သက်၍ The Voice ၏ ဆက်သွယ်မေးမြန်းမှုကို ဦးဇော်ဌေးက ယင်းသို့ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
“ညွှန်ချုပ်က ဒီစာနဲ့ ပတ်သက်ပြီး သူလဲ မပြောထားဘူး။ ဘယ်သူမှလဲ မပြောဘူး။ စီမံဌာနက တာဝန်ရှိတဲ့သူကို ရုံးအဖွဲ့က လိုအပ်တဲ့ မေးမြန်းမှုတွေ လုပ်ပြီး အရေးယူမယ်လို့ သိရပါတယ်” ဟု အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး၏ စကားကို ကိုးကားပြီး ၎င်းက ဆိုသည်။ 

အဆိုပါ ထုတ်ပြန်စာနှင့် ပတ်သက်ပြီး လုံးဝညွှန်ကြားထားခြင်း မရှိဘဲ စာထုတ်ပြန်သည့် တာဝန်ရှိသူကို ခေါ်ယူစစ်ဆေးကာ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့် အရေးယူမည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးက ပြန်လည်ပြောကြားထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

အဆိုပါစာတွင် ညွှန်ကြားရေးမှူး (စီမံ) ထံ ဩဂုတ် ၃ ရက် ညနေ ၃ နာရီအရောက် အနီးကပ် စောင့်ရှောက်မည့် အမည်စာရင်း ပေးပို့နိုင်ပါရန် ညွှန်ကြားရေးမှူး (စီမံ) ကိုယ်စား ထန်စွမ်းပြောင်၊ ဒုတိယညွှန်ကြားရေးမှူး လက်မှတ်ဖြင့် ရုံးတွင်းအမိန့်ထုတ်ခဲ့ရာ ယင်းစာမှာ လူမှုကွန်ရက်တွင် ပြန့်နှံခဲ့သဖြင့် ပြည်သူများကြား ဝေဖန်မှုများ ဖြစ်စေခဲ့သည်။

  • TAGS