News

POST TYPE

LOCAL

ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများတွင် အများပိုင်ဘတ်စ်ကားများသာ ပြေးဆွဲခွင့်ပြုမည်
14-Aug-2016

ရန်ကုန်၊ သြဂုတ် ၁၃

ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ် ပိုမိုကောင်းမွန်ရန်ဆောင်ရွက်ရာတွင် အများပိုင်ကုမ္ပဏီဖွဲ့စည်းပြီးပါက ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများတွင် အများပိုင်ဘတ်စ်ကားကုမ္ပဏီယာဉ်များသာ ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

"ယာဉ်လိုင်းတွေ လျှော့ချတဲ့အပြင် အဓိကလမ်းမကြီးတွေကို အများပိုင်ကပဲ တာဝန်ယူပြေးဆွဲမယ်။ တခြားပြေးဆွဲချင် တဲ့ယာဉ်လိုင်းကို အများပိုင်နဲ့ပေါင်းခိုင်း မယ်။ ဒါမှ ခွင့်ပြုမယ်"ဟု ရန်ကုန်တိုင်း ဒေသကြီး အများပြည်သူသယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ အင်းစိန်လမ်း၊ ဆူးလေလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ဗိုလ်အောင်ကျော်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ သိမ်ဖြူလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်းစသည့် အဓိကလမ်းများကို အများပိုင်ဘတ်စ်ကားများ ပြေးဆွဲမည်ဖြစ်သည်။

လက်ရှိတွင် အများပိုင်ကုမ္ပဏီဖွဲ့စည်းပြီးစီးပါက ယာဉ်အို၊ ယာဉ်ဟောင်း လဲလှယ်ခြင်း၊ ရောင်းချခြင်း ဆောင်ရွက် ခြင်း မရှိသေးသည့်ယာဉ်လိုင်များကို ခရီးသွားပြည်သူအဆင်ပြေရန် ပြေးဆွဲခွင့်ပြုမည်ဖြစ်သော်လည်း လမ်းတိုများတွင်သာ ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း ဒေါက်တာမောင်အောင်က ပြောကြားသည်။
"မော်ဒယ်လ်အရမ်းနိမ့်တဲ့ ကားတွေကို ပြေးဆွဲခွင့် မပြုတော့ဘူး။ ဒါကို တဖြည်းဖြည်းချင်း ပြောင်းလဲမှာပါ။ ယာဉ်ပိုင်ရှင်တွေအနေနဲ့ ယာဉ်အိုယာဉ်ဟောင်းကို လဲလှယ်မလား၊ နယ်ကို ရောင်းမလား ကြိုက်တာ လုပ်ခွင့်ပေးတယ်။ ကန့်သတ်ချက် မချမှတ်ဘူး"ဟု ၎င်းင်းက ဆိုသည်။

ရန်ကုန်မြို့တွင် အများပိုင်ဘတ်စ်ကားလိုင်းပြေးဆွဲမည့်ကုမ္ပဏီများအနေနှင့် အနိမ့်ဆုံး ၂၀၀၆ ခုနှစ်ထုတ် မော်ဒယ်အမျိုးအစားဘတ်စ်ကားများသာကို အသုံးပြုရမည်ဖြစ်ပြီး ကုမ္ပဏီတစ်ခုလျှင် ယာဉ် ၁၅၀ စီးခန့်ထားရှိရန်လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ထံမှ သိရသည်။

ခရီးသည်သယ်ယူပို့ဆောင်မှု၌ အများပိုင်ဘတ်စ်ကားကုမ္ပဏီစနစ် ပြောင်းလဲရာတွင် ကုမ္ပဏီ ၁၀ ခုက ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးမှုများရှိပြီး ယာဉ်ပိုင်ရှင်များအနေနှင့် ငွေကြေးကို ရှယ်ယာဝင်လို သူများနှင့် မော်တော်ယာဉ်ကို ရှယ်ယာအဖြစ် ၀င်လိုသူများရှိကြောင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှု(ဗဟို) ကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။