News

POST TYPE

LOCAL

ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းထောင့်ရှိ လူမှုဝန်ထမ်းပိုင် ဆိုင်ဆိုင်ခန်းများကို အင်းအားသုံး ဖယ်ရှား
14-Aug-2016 tagged as

ရန်ကုန်၊ သြဂုတ် ၁၄

မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် ပါရီလမ်းထောင့်ရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနပိုင် မြေနေရာတွင် ယင်းဝန်ကြီးဌာနမှ အဆောက်အဦများ ဆောက်လုပ်ပြီး ငှားရမ်းထားသော ဆိုင်ခန်းများကို ယနေ့ (သြဂုတ် ၁၄ ရက်) နံနက် ၆ နာရီက အင်အားသုံး ဖယ်ရှားခဲ့ကြောင်း ဆိုင်ခန်းရှင်များထံမှ သိရှိရသည်။

“ယခုလို ဖယ်လိုက်တဲ့အတွက် ကျွန်တော်တို့မှာ သိန်းတစ်ရာကျော်လောက် ဆုံးရှုံးတယ်၊ ဝါတွင်းကာလကြီးဖြစ်လို့ နေစရာလည်း မရှာရသေးဘူး။ ဝါထွက်တဲ့ အထိတော့ အချိန်ပေးစေချင်တာပေါ့၊ ကျွန်တော်တို့ ရွေးချယ်လိုက်တဲ့ ဒီမိုကရေစီအစိုးရသစ် လက်ထက်မှာ ဒီလိုအင်အားသုံး ဖယ်ရှားခံရတဲ့အတွက် ဝမ်းနည်းမိပါတယ်” ဟု ယင်းနေရာတွင် ၁၀ နှစ်နီးပါး ဈေးရောင်းချခဲ့သူ စားသောက်ဆိုင်ပိုင်ရှင် ကိုထွန်းက ပြောကြားသည်။  

အဆိုပါ ငှားရမ်းထားသည့် ဆိုင်ခန်းများကို ၁၉၉၅ ခုနှစ်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဆိုင်ခန်းတစ်ခန်းလျှင် စပေါ်ငွေ ကျပ်တစ်သိန်း၊ လစာနှစ်သောင်းနှုန်းဖြင့် စတင်ငှားရမ်းခဲ့ပြီး ၂၀၁၃ ခုနှစ်မှ စတင်ကာ ယင်းငှားရမ်းခ ယူဆောင်ခြင်းမရှိပဲ ဖယ်ရှားပေးရန် အကြောင်းကြားပြီး ဖြစ်ကြောင်း၊ ယင်းကဲ့သို့ အကြောင်းကြားသော်လည်း ဖယ်ရှားခြင်း မရှိသည့်အတွက် အင်အားသုံး ဖယ်ရှားရခြင်း ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုးက ပြောကြားသည်။

အင်အားသုံး ဖယ်ရှားခြင်းမှာ ၁၉၅၅ ခုနှစ် အစိုးရအိမ်ရာ ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ ပုဒ်မ ၃ (၂) အရ ဖယ်ရှားခြင်းဖြစ်ကြောင်း၊ ယင်းဥပဒေအရ ဖယ်ရှားခံရသည့် ဆိုင်ခန်းပေါင်း ၂၀ ရှိပြီး လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ အပ်ချုပ်ဆိုင်၊ ဂတ်စ်အိုးရောင်းဝယ်ဆိုင်တို့ ပါဝင်ကြောင်း၊ ပစ္စည်းထိန်းသိမ်းရန်နေရာ မရသေးသော ဆိုင်ခန်းအတွင်းပစ္စည်းများကို လူမှုဝန်ထမ်းရုံး ဂိုထောင်တွင် ထိန်းသိမ်းပေးထားကြောင်း စုံစမ်းသိရှိရသည်။

  • TAGS