News

POST TYPE

LOCAL

မြောက်ဥက္ကလာပ အစိုးရ စက်မှုလက်မှု အထက်တန်းကျောင်း ပြန့်ဖွင့်မည်
12-Aug-2016

နေပြည်တော်၊ သြဂုတ် ၁၂

နှစ်ပေါင်း ၁၀ ကျော် ပိတ်ထားသည့် မြောက်ဥက္ကလာပမြို့နယ်ရှိ အစိုးရ စက်မှုလက်မှု အထက်တန်းကျောင်းတွင် ကာလတို အသက်မွေးသင်တန်းများ ပြန်ဖွင့်မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ယင်းကျောင်းကို ၂၀၁၀ နောက်ပိုင်းတွင် ဌာနဖွဲ့စည်းပုံ မရှိသဖြင့် ယာယီရပ်နားခဲ့ပြီး ယခုပညာရေး ဝန်ကြီးဌာနက ကာလတို သက်မွေးပညာသင်တန်များ ပြန်ဖွင့်လှစ်နိုင်ရန် ဌာနတွင်း ဆရာ ဆရာမများကို ADB ဘဏ်နှင့် Total Exportation & Production Myanmar တို့ အကူအညီဖြင့် သင်တန်းပေးနေကြောင်း ၎င်းက ဆိုသည်။

သင်တန်းနည်းပြ ဆရာများ ရရှိစေရန် စီစဉ်လျက်ရှိနေသည့်အပြင် အဆောက်အဦ ပြင်ဆင်ခြင်းနှင့် စက်ပစ္စည်းများ ဖြည်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်ပြီးလျှင် ကာလတို သက်မွေပညာ သင်တန်းများကို ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုသည်။
“အခုအကြီးစားပြင်ဆင်မှုတွေ လုပ်နိုင်ဖို့ လာမည့် ဘတ်ဂျက်မှာ ထည့်သွင်းတောင်းခံမယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါကျောင်းသည် အကျယ်အဝန်း ပေ ၇၀၀၊ ပေ ၅၀၀ ခန့်ရှိပြီး အုပ်ချုပ်ရေးဆောင်၊ စာသင်ဆောင်များ၊ ဝန်ထမ်းအိမ်ရာများ ရှိပြီး နာဂစ်မုန်တိုင်းအပြီး ၂၀၀၉ ခုနှစ်တွင် ရပ်နားခဲ့ကြောင်း လက်ရှိတွင် အဆောင်အဦများမှာ မြက်ပင်ချုံနွယ်များအကြား ပြုပြင်ထိန်းသိမ်းကင်းမဲ့သဖြင့် ပျက်စီးဆုံးရှုံးမည့် အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း မြောက်ဥက္ကလာပမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက ပြောကြားသည်။

မြောက်ဥက္ကလာ စက်မှုလက်မှု သင်တန်းကျောင်းကို ၁၉၉၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။