News

POST TYPE

LOCAL

ရေဘေးသင့် ပြည်သူများ စိတ်အားမငယ်ကြရန် ဒုတိယသမ္မတ အားပေး
12-Aug-2016 tagged as disaster2016 ရေ

ပုသိမ်၊ သြဂုတ်လ ၁၂

ရေဘေးသင့် ပြည်သူများကို အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများက ကူညီစောင့်ရှောက်မည် ဖြစ်၍ စိတ်အားမငယ်ကြရန် ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူက အားပေးစကား ပြောကြားခဲ့ကြောင်း ပုသိမ်မြို့ ရေဘေးရှောင် ပြည်သူများထံမှ သိရှိရသည်။

သြဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်း ပုသိမ်မြို့ ရေဘေးရှောင် ပြည်သူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုအစိုးအဖွဲ့မှ ရေဘေးရှောင် ပြည်သူများအတွက် ထောက်ပံရေးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားတွင် ၄င်းက ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံနှင့်အဝန်း ဖြစ်ပေါ်နေတဲ့ လက်ရှိအခြေအနေကို ကျော်လွှားနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်၊ ပြီးတော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ရေတိုရေရှည် စီမံမှုတွေနဲ့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်၊ ပြည်သူတို့ကလည်း ဝိုင်းဝန်းပါဝင်ရမှာ ဖြစ်ပါတယ်” ဟု ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူက ပြောကြားသည်။

ပုသိမ်ခရိုင် အတွင်းရှိ ရေဘေးသင့်ဒေသများ အနက် ပုသိမ်၊ သာပေါင်း၊ ကန်ကြီးထောင့် မြို့နယ်များရှိ ရေဘေးရှောင်စခန်း ၄ ခုသို့ ဒုတိယသမ္မတ ဟင်နရီ ဗန်ထီးယူနှင့် ပြည်ထောင်စုအဆင့် ဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီနှင့် အစိုးရအဖွဲ့ဝင်များ သြဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက လှည့်လည်သွားရောက် အားပေးစကား ပြောကြားပြီးနောက် ကျပ်သိန်း ၅၀၀ ကျော် တန်ဖိုးရှိ ရေဘေးထောက်ပံရေး ပစ္စည်းများ ပေးအပ်ကူညီခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရှိရသည်။