News

POST TYPE

LOCAL

အကြမ်းဖက်မှုများ မရပ်နိုင်ပါက တိုင်းပြည်မွဲမည်ဟု မဟနဥက္ကဋ္ဌ ဆရာတော် မိန့်ကြား
28-Mar-2017
ပုသိမ်၊ မတ်၂၇

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား ဘာသာဝင်များ အချင်းချင်း အကြမ်းဖက်မှုများကို မရပ်နိုင်ပါက တိုင်းပြည် မွဲသထက်မွဲ၍ ဒုက္ခရောက်မည်ဟု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တ ကုမာရာ ဘိဝံသက မိန့်ကြားသည်။

ပုသိမ်မြို့ မြောင်းမြကျောင်း ပရိယတ္တိစာသင်တိုက်၊ ဓမ္မကာရီကျောင်းဆောင်၊ ၈ လွှာတွင် မတ်လ ၂၇ ရက် မွန်းလွဲ ၂ နာရီက ပြုလုပ်သော ပုသိမ်မြို့ပေါ်ရှိ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဥက္ကဋ္ဌ ဆရာတော်ကြီးက အထက်ပါအတိုင်း သြဝါဒ ပေးခဲ့သည်။

“ဘယ်ဘာသာဝင်ကနေ ဘယ်ဘာသာဝင်ကို သတ်သတ် ကိုယ့်လူမျိုးတွေချည်းပဲ ဖြစ်နေတဲ့အတွက် ကိုယ်တွေပဲ နစ်နာတာပါ၊ ဆုံးရှုံးသွားတာပါ၊ တစ်ယောက်နဲ့တစ်ယောက် သတ်မှုဖြတ်မှု၊ ရိုက်နှက်မှု မုန်းတီးမှုတွေ မလုပ်ကြဘဲနဲ့ ဘာသာတွေအားလုံး တိုင်းပြည်ကောင်းအောင် လူမျိုးကောင်းအောင် လုပ်မယ်ဆိုပြီး သူတော်ကောင်း စိတ်ဓာတ်တွေ မွေးပြီးတော့ ကိုယ့်လူမျိုးတွေ ကျန်းမာအောင် ချမ်းသာအောင် အန္တရာယ်ကင်းအောင် လုပ်ကြမယ်ဆိုတဲ့ ညီညွတ်တဲ့ စိတ်ဓာတ်တွေထားပါ၊ ညီအစ်ကို မောင်နှမသားချင်းဆွေမျိုး အဲလိုစိတ်ဓာတ်တွေ ထားပြီးတော့ နေထိုင်ကြမယ်ဆိုရင် ပိုကောင်းပါတယ်” ဟု ဆရာတော်ကြီးက မိန့်ကြားသည်။

နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးမှာ မတ်လ ၂၇ ရက်နေ့ညတွင် ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ ကျင်းပပြုလုပ်မည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးလွှတ်တော်တို့မှ ပူးပေါင်းစီစဉ်သော တရားအလှူတော်ပွဲသို့ ကြွရောက်လာခဲ့ခြင်း ဖြစ်ပြီး လပွတ္တာမြို့တွင် ကျင်းပမည့် တရားပွဲသို့ ဆက်လက်ကြွရောက်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

“ဧရာဝတီတိုင်းကတော့ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ကို သွားနေပါတယ်၊ ဒီလိုမျိုး တွေ့ဆုံပေးတဲ့ အစီအစဉ်တွေ ရှိတာ၊ လုပ်တာကလည်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအတွက် အထောက်အကူပြုမယ်လို့ ထင်ပါတယ်” ဟု ပုသိမ် ကရင်နှစ်ခြင်း ခရစ်ယာန် သာသနာမှ သင်းအုပ်ဆရာ စောဒေးဗစ်က ပြောကြားသည်။

နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့က တရားဟောခွင့် ပိတ်ပင်ထားသည့် ဆရာတော် ဦးဝီရသူသည် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်တွင် ပါးစပ်ကိုတိပ်ဖြင့် ပိတ်၍ တရားခွေဖွင့်ကာ ပြုမူဆောင်ရွက်ချက်အပေါ် မီဒီယာများ၏ မေးမြန်းချက်ကို ဆရာတော်ကြီးက ဘုရားဟော မဟုတ်တာတွေကို ဘုရားဟောသလိုမျိုး ဖြစ်အောင် ဟောတာ၊ အဲလိုဟောရင် ဥပဒေရှိတယ်၊ ထောင်ချနိုင်တယ်၊ တရားမဟောရဘူး ဆိုတာကို ဟောနေတယ် ဆိုရင်လည်းပဲ သူက အာဏာဖီဆန်ရာကျမယ်၊ ဥပဒေ ရှိပါတယ်၊ ဒီက အမိန့်ကို နားထောင်ရမယ်၊ နားမထောင်ဘူးဆိုရင် ထောင်ချနိုင်ပါတယ်၊ ရဟန်းဆိုတာ နိုင်ငံရေး မလုပ်ရဘူး၊ နိုင်ငံရေး မလုပ်ဖို့ကိုလည်း အမိန့်ထုတ်ထားပါတယ်၊ ရဟန်းဆိုတာ အလုပ်နှစ်ခုပဲ လုပ်ရပါမယ်၊ စာသင်တဲ့အလုပ် လုပ်ချင်ရင်လုပ်၊ မလုပ်ချင်ရင် တရားအားထုတ်တဲ့ အလုပ်လုပ်၊ ကျန်တာတွေ ဝင်မစွက်နဲ့ ကိုယ့်အလုပ် ကိုယ်လုပ်ကြပေါ့” ဟု ပြန်လည်မိန့်ကြားခဲ့သည်။  

R -11