News

POST TYPE

LOCAL

နှစ်ရှည်အကျဉ်းသားများအတွက် ထောင်ဝင်စာ တွေ့ဆုံပုံ ပြောင်းလဲ
12-Aug-2016 tagged as

ရန်ကုန်၊ သြဂုတ် ၁၁

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အတွင်း ဆယ်နှစ်နှင့်အထက် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူ အကျဉ်းသားများထဲမှ ထောင်စည်းကမ်းလိုက်နာသူ အကျဉ်းသားများအတွက် ထောင်ဝင်စာ တွေ့ဆုံပုံ ပြောင်းလဲလိုက်ကြောင်း အဆိုပါထောင်မှ သိရသည်။

ထောင်စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာသည့် အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများကို ကူညီဆောင်ရွက်ပေးသည့် အကျဉ်းသားများအနက် ကျခံသည့် နှစ်အများဆုံး အကျဉ်းသားများကို မိသားစုနှင့် သံဆန်ခါမခြားဘဲ ဖက်လှဲတကင်း ထောင်ဝင်စာ တွေ့ခွင့်ပြုခြင်းကို သြဂုတ်လ ၉ ရက်မှ စတင်လိုက်ခြင်းဖြစ်သည်။

“အခုမှ လမ်းဖွင့်ပေးလိုက်တာပါ။ မိသားစုတွေ ဝေးကွာရင် သံယောဇဉ်ဆိုတာ ပြတ်သွားနိုင်လို့ အခုလို ပေးတွေ့လိုက်တော့ မိသားစုဝင်တွေနဲ့ စီးပွားရေး၊ လူမှုရေးတွေကို ဆွေးနွေးအကြံပေးနိုင်သလို ထောင်က လွတ်သွားရင်လည်း မိသားစုကို ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု အင်းစိန်ဗဟိုအကျဉ်းထောင်၏ တာဝန်ခံ အရာရှိဖြစ်သူနှင့် အကျဉ်းဦးစီးဌာန (ရန်ကုန်) မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦးက ဆိုသည်။

သံဆန်ခါ မခြားဘဲ မိသားစုဝင်များနှင့် မျက်နှာချင်းဆိုင် စားပွဲပေါ်တွင် ထောင်ဝင်စာ တွေ့ဆုံခွင့်ကြောင့် ၁၄ နှစ်ကျော်နှင့် ၁၁ နှစ်ကျော် ထောင်ဒဏ်ကျခံပြီးသား ဖြစ်သည့် နှစ်ရှည်အကျဉ်းသား နှစ်ဦးတို့ သည် မိသားစုနှင့် ရင်းရင်းနှီးနှီး ထောင်ဝင်စာ တွေ့နိုင်ခဲ့ကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်၊ အကျဉ်းဦးစီးဌာန (ရန်ကုန်) ထံမှ သိရသည်။

အဆိုပါ အကျဉ်းသားများကို မိသားစုဝင်များနှင့် တွေ့ဆုံစေရာတွင် အကျဉ်းသားများ၏ အဆောင်မှူး၊ စည်းကမ်းထိန်းသိမ်းရေးရုံးမှ တာဝန်ခံနှင့် ထောင်ဝင်စာ တာဝန်ခံတို့က ဦးဆောင်ကြီးကြပ်၍  အကျဉ်းထောင်မှ ဝန်ထမ်းနှစ်ဦးက မြင်သာသည့်နေရာမှ စောင့်ကြပ်ကြည့်ရှုကာ လုံခြုံရေး ဆောင်ရွက်ရကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရသည်။

အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ရက် ၁၀၀ စီမံချက်အရ မိသားစုနှင့် ထောင်ဝင်စာ တွေ့ဆုံခွင့်ကို ယခင်ထက် အချိန်တိုးမြှင့်၍ မိနစ် ၃၀ ခန့်ထိ ခွင့်ပြုထားခြင်း၊ ယခင်အကျဉ်းသားများကို နှစ်ပတ်လျှင် တစ်ကြိမ်နှင့် အချုပ်သားများကို တစ်ပတ်လျှင် တစ်ကြိမ်သာ ထောင်ဝင်စာ တွေ့ခွင့်ပြုထားရာမှ ယခုအခါ အမှန်တကယ် အရေးကြီးသည့် မိသားစု ကိစ္စများ ရှိပါက တစ်ပတ်လျှင် တစ်ကြိမ် တွေ့ဆုံခွင့်ပေးခြင်း ဖြစ်ကြောင်း၊ သုံးလလျှင် တစ်ကြိမ်နှင့် လေးလလျှင် တစ်ကြိမ်မှ ရပ်ဝေးမှလာသော မိသားစုဝင်များကို သုံးရက်ဆက်တိုက် အကျဉ်းသားနှင့် တွေ့ဆုံခွင့် ပေးထားကြောင်း အကျဉ်းဦးစီးဌာန (ရန်ကုန်) ထံမှ သိရသည်။

လက်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေသည့် အမျိုးသားအကျဉ်းသား ၁၁ ဦးနှင့် အမျိုးသမီး အကျဉ်းသား ငါးဦးရှိကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရသည်။       

  • TAGS