News

POST TYPE

LOCAL

ဧရာဝတီတိုင်းတွင် လူဦးရေ ငါးသိန်းကျော် ရေဘေးကြုံတွေ့
12-Aug-2016
ပုသိမ်၊ ဩဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်၊ ငဝန်မြစ်၊ တိုးမြစ်နှင့် ဒါးကမြစ်တို့မှ မြစ်ရေများ ဝင်ရောက်လာ မှုကြောင့် မြို့အသီးသီး၏ စိုးရိမ်ရေအမှတ်ထက် နှစ်ပေမှ သုံးပေခွဲခန့်အထိ ရောက်ရှိနေပြီး ဩဂုတ်လဆန်းပိုင်းမှ ဩဂုတ် ၁၁ရက် ညနေ ၆နာရီအထိ ရေဘေးသင့်ပြည်သူ ငါးသိန်းကျော်ရှိနေကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

"မြစ်ရေမှတ်တွေ ကျနေပေမယ့် တစ်လက်မ၊ နှစ်လက်မလောက်ပဲကျသေးတာပေါ့။ ပြည်သူတွေအတွက် ရေဘေးကယ်ဆယ်ရေး ထောက်ပံ့ငွေကျပ်သိန်း ၁၀၀၀ ကျော်ရယ်၊ ဆန်အိတ် ၁၈၀၀ကျော် ရယ် အစိုးရအဖွဲ့အနေနဲ့ လက်ရှိထောက်ပံ့ပေးနေပါတယ်၊ ပြင်ပအလှူရှင်တွေ တိုက်ရိုက်သွား ရောက်လှူဒါန်းနေတဲ့ စာရင်းမပါဘူး" အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ညောင်တုန်းမြို့တွင် ဩဂုတ် ၁၁ရက် မွန်းတည့် ၁၂ နာရီ တိုင်းထွာချက်အရ ယင်းမြို့၏ ရေအမှတ်မှာ ၂၅ဒသမ၅ပေ ဖြစ်ပြီး၊ ဩဂုတ် ၁၀ရက်ထက် လက်မဝက်ခန့်သာ ကျဆင်းနေသဖြင့် ရေအီနေသော သဘောရှိကြောင်း၊ ညောင်တုန်းမြို့နယ်တွင် ကျေးရွာအုပ်စု ၃၂ အုပ်စုမှ အိမ်ထောင်စု ၉၃၀၀ကျော်နှင့် လူဦးရေ ၄၀၀၀၀ ကျော် ရေဘေးဒုက္ခကြုံတွေ့နေရပြီး သောက်ရေနှင့် စားနပ်ရိက္ခာများ လိုအပ် နေကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုး ကပြောပြသည်။

ငဝန်မြစ် (ပုသိမ်မြစ်) ရေလျှံတက်ခြင်းကြောင့် ပုသိမ်မြို့ပေါ်ရပ်ကွက် ၁၂ ခုနှင့် မြို့မ ကျေးရွာအုပ်စု ၈ ခုတို့ ရေဝင် နစ်မြုပ်နေပြီး ဩဂုတ် ၈ရက်နေ့မှ စတင်ကာ လေးရက်တာကာလအတွင်း ရေဘေးရှောင်စခန်းနှင့် ရေဘေးရှောင်သူ သုံးဆကျော် မြင့်တက်လာကြောင်း၊ ဩဂုတ် ၈ ရက်က ပုသိမ်မြို့နယ် အတွင်း၌ ရေဘေးရှောင်စခန်း ၁၆ ခုနှင့် ရေဘေးရှောင်သူ ၃၀၁၄ ဦး ရှိခဲ့ရာမှ ဩဂုတ် ၁၁ ရက် ညနေ ၄ နာရီတွင် ရေဘေးရှောင်စခန်း ၅၃ ခုနှင့် ရေဘေးရှောင်သူ ၁၂၀၀၂ ဦးအထိ မြင့်တက်လာကြောင်း၊ ပုသိမ်မြို့တစ်မြို့လုံးတွင် အမှတ် ၁၁၊ ၁၃ နှင့် ၁၅ ရက်ကွက်သုံးခုသာ ရေဝင်နစ်မြုပ်ခြင်းမရှိကြောင်း၊ မြို့မကျေးရွာ အုပ်စုရှိ ရွှေမြှင်တင်၊ ရွာသစ်၊ မရမ်းချောင်း၊ ဇင်ပြွန်းကုန်း ၊ကျောက်ချောင်းကြီး ရှမ်းကွင်း နှင့် ကွင်းပေါက်ကြီး ကျေးရွာအုပ်စု များတွင်လည်း ရွာလုံးကျွတ် ရေဝင်နစ်မြုပ်နေကြောင်း ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်မှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပုသိမ်မြို့နယ်တွင် လယ်မြေဧက ၂၀၂၅၇ ဧက ရေနစ်မြုပ်ကြောင်း၊ ကျေးလက်ဦးစီးဌာန လက်အောက် တောင်တန်းကုန်း နှင့် ကျောက်ဖျာရွာမှ တံတား နှစ်စင်းရေ မြုပ်ပျက် စီးပြီး အသေအပျောက် မရှိကြောင်း၊ မြို့နယ်ရှိ အခြေခံပညာ ကျောင်းပေါင်း ၉၅ ကျောင်း ပိတ်ထားရပြီး ရေကျဆင်းမည့် ရက်နှင့် ဒေသကိုမူတည်ကာ ဩဂုတ် ၂၅ ရက် နောက်ဆုံးထား၍ ကျောင်းများ ပြန်ဖွင့်မည်ဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရှိရသည်။

ပုသိမ်မြို့နယ်တွင် ရေဘေးသင့်ပြည်သူများ ကို အစိုးရအဖွဲ့မှ စီစဉ်ပေးသော ထမင်းနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ရရှိနေသော်လည်း ပြင်ပ အလှူရှင်များနှင့် NLD ပါတီဝင်များ ပူးပေါင်းကာ ဆန်အိတ်၂၀၀နှင့် သောက်ရေများကို ကျေးရွာများသို့ ဝေငှပေးနေကြောင်း ပုသိမ်မြို့နယ် NLD ပါတီမှ (တိုင်းလွှတ်တော်ကိုယ်စားလှယ်) ဦးအောင်သူထွေးက ပြောပြသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ရေဘေးသင့် ပြည်သူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အပြင် အလှူရှင်များ၊ ကုမ္မဏီအဖွဲ့အစည်းများမှ ကူညီထောက်ပံ့လျက်ရှိကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့မှ ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးသကဲ့သို့ ဒုတိယသမ္မတနှစ်ဦးလုံးမှာ ဧရာဝတီတိုင်းအတွင်းလာရောက် ကြည့်ရှု ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရှိရသည်။

ဩဂုတ်လ ၁၁ရက် ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ၊ ပုသိမ်၊ မအူပင် မြောင်းမြခရိုင်များတွင် ရပ်ကွက် ကျေးရွာပေါင်း ၁၂၂၈တွင် ရေကြီးနစ်မြုပ်နေပြီး လူဦးရေ ငါးသိန်းသုံးသောင်းကျော် ရေဘေးဒုက္ခ ရောက်နေကြောင်း၊ရေဘေးကယ်ဆယ်ရေးစခန်း ၄၂၂ ခုဖွင့်ထားပြီး လူဦးရေ ၈၇၈၄၂ဦး ရောက်ရှိ ခိုလှုံနေကြောင်း၊ လယ်မြေ ဧက ၂သိန်းကျော် ရေနစ်မြုပ်နေပြီး ကျောင်းပေါင်း ၁၂၇၁ ကျောင်း ယာယီပိတ်ထားရကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရှိရသည်။