News

POST TYPE

LOCAL

နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်နည်းပြ သုံးထောင်နီးပါး စံချိန်တင် ရာထူးတိုး
12-Aug-2016

ရန်ကုန်၊ သြဂုတ် ၁၂

အစိုးရသစ် လက်ထက်တွင် ပညာရေး ပြုပြင်ပြောင်းလဲသည့် အနေဖြင့် နိုင်ငံတစ်ဝန်းတွင် ရှိသော တက္ကသိုလ် အသီးသီးမှ တက္ကသိုလ်နည်းပြ ဆရာ၊ ဆရာမ ၂၇၀၀ ကျော်ကို သြဂုတ်လ ၁၁ ရက်နေ့တွင် အရေအတွက် အများဆုံးဖြစ်အဖြစ် လက်ထောက်ကထိက ရာထူးတိုးပေးလိုက်ကြောင်း ပညာရေး ဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနထံမှ သိရသည်။

အဆင့်မြင့်ပညာဦးစီးဌာအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် နည်းပြရာထူးဖြင့် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများကို လက်ထောက်ကထိက ရာထူးအဖြစ် တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“ရာထူးတိုးပေးလိုက်တာ ကောင်းပါတယ်။ ဆရာတို့တုန်းက နှစ် ၂၀ လောက် စောင့်ရတယ်။ အခုလို မြန်မြန်တိုးတာ ဝမ်းသာတယ်။ လိုအပ်တဲ့သူတွေပါ။ လစာလည်းတိုးပြီ ဆိုတော့ ကောင်းပါတယ်။ ရာထူးတိုးပြီဆိုတော့ သင်ကြားရေးမှာလည်း ထိထိရောက်ရောက် သင်ကြားနိုင်ဖို့ လိုအပ်တယ်” ဟု ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ (အငြိမ်းစား) ဦးမျိုးသန့်က ဆိုသည်။

နည်းပြဆရာကနေ လက်ထောက်ကထိက ရာထူးတိုးခြင်း ဖြစ်သည့်အတွက် တက္ကသိုလ် ကျောင်းသားများကို စာသင်ကြားပေးရတော့မည် ဖြစ်သောကြောင့် ၎င်းတို့၏ စာသင်ကြားမှု အတွေ့အကြုံ နည်းခြင်းက အခက်အခဲတစ်ခု ဖြစ်နေကြောင်း ရန်ကုန်တက္ကသိုလ်မှ ကထိက ဆရာမတစ်ဦးက ပြောကြားသည်။

တက္ကသိုလ်အသီသီးမှ နည်းပြဆရာများ ရာထူးတိုးရာတွင် အခြေခံလစာ အနေဖြင့် ယခင်နည်းပြ လစာ ၁၈၀၀၀၀ မှ လက်ထောက်ကထိက ရာထူး ၂၅၀၀၀၀ အထိ တိုးမြှင့်ခံစားခွင့် ရှိမည် ဖြစ်သည်။

အဆိုပါ ရာထူးတိုးခြင်းကို လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်က ပြုလုပ်ခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။