News

POST TYPE

LOCAL

သွားလာရေးခက်ခဲသော နေရာများတွင် ပညာရေးဝန်ထမ်းအိမ်ရာများ ဦးစားပေး ဆောက်မည်
11-Aug-2016 tagged as ပညာရေး

နေပြည်တော်၊ ဩဂုတ် ၁၀

ဝေးလံခေါင်သီသော ဒေသများတွင် တာဝန်ထမ်းဆောင်နေသော ပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမများ အတွက် နေထိုင်ရန်လုံခြုံမှုရှိသော ဝန်ထမ်းအိမ်ရာများကို ဦးစားပေး ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောသည်။
 
ဩဂုတ် ၁၀ ရက်၌ ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ပညာရေးဝန်ကြီးဌာနမှ ရရှိသော ခွင့်ပြုဘတ်ဂျက်ရန်ပုံငွေမှ ဦးစားပေး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အခြေခံပညာဦးစီးဌာန၏ တင်ပြချက်အရ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှာ ၄၀ ထ ၃၀ ပေ ၅၅ လုံးအတွက် ကျပ် ၁၈၉၀ ဒသမ ၆၀၀ သန်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် မှာ ၆ ခန်းတွဲ ၄ ထပ် ၁၁ လုံး (အခန်းပေါင်း ၂၆၄) အတွက် ကျပ် ၈၂၆၅ ဒသမ ၄၀၀၊ စုစုပေါင်း ကျပ်သန်း ပေါင်း ၁၀၁၅၆ ရန်ပုံငွေ ခွင့်ပြုချက် ရရှိထားကြောင်း ၎င်းက ရှင်းပြသည်။

ဩဂုတ် ၁၀ ရက်၌ ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာနှင့် ဦးတက်ထွန်းအောင်တို့က ပညာရေး ဝန်ထမ်းကိစ္စနှစ်ခုကို မေးမြန်းခဲ့ခြင်းဖြစ် ပြီး ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။