News

POST TYPE

LOCAL

ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးမည်၊ ဝန်ထမ်းလစာတိုးရန် ဆိုသည့်သတင်း မဟုတ်ဟုဆို
10-Aug-2016

ရန်ကုန်၊ ဩဂုတ် ၉

ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူမည်ဖြစ်သော်လည်း ယင်းချေးငွေများမှ အမေရိကန်ဒေါ်လာ သန်း ၆၀ ကို နိုင်ငံ့ဝန်ထမ်းများ လစာတိုးရန် အသုံးပြုမည်ဟု သတင်းထွက်ပေါ်နေခြင်းမှာ မဟုတ်ပါကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူရန် ဩဂုတ်လ ၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်နာယကထံ စာရေးသား ပေးပို့ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးထံမှ သိရသည်။

“ဝန်ထမ်းတွေ လစာတိုးဖို့ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ဘတ်ဂျက်မှာ လိုငွေ အရမ်းပြနေတော့ ကမ္ဘာ့ဘဏ်က သန်း ၆၀ ဝင်ကာနိုင်ဖို့ ဖြစ်တယ်။ ဘတ်ဂျက်ကနေ ပေးနေရတဲ့ ဝန်ထမ်းလစာတွေ ချီးမြှင့်ငွေ စရိတ်တွေကို ဘတ်ဂျက်ထဲကမပေးဘဲ ကမ္ဘာ့ဘဏ်ချေးငွေကနေ ပေးမှာဖြစ်တယ်။ လစာတိုးဖို့ မဟုတ်ဘူး” ဟု ဦးဇော်ဌေးက ဆိုသည်။

ဝန်ထမ်းလစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများအတွက် သုံးရန် အမေရိကန်ဒေါ်လာ သန်း ၆၀ အပါအဝင် ကျန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်းတစ်ရာ ချေးယူရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ စာကို ဩဂုတလ် ၉ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်၌ ထုတ်ပြန်ခဲ့ပြီး ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက ၁၁ ရက်နေ့ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရမည်ဖြစ်ကြောင်း လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ဆိုသည်။

ယင်းချေးငွေသန်း ၁၀၀ မှ ၇၅ သန်း ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ခံသုံးစွဲမည်ဖြစ်ပြီး ယင်းတို့အနက် ဝန်ထမ်းရေးရာအတွက် သန်း ၆၀၊ နိုင်ငံပိုင်ဘဏ်များ ပြုပြင်ပြောင်းလဲရေးနှင့် နည်းပညာအကူအညီအတွက် ၇ သန်း၊ အသေးစားချေးငွေလုပ်ငန်း၊ အာမခံလုပ်ငန်းတို့ အဆင့်မြှင့်တင်ရန် အတွက် ဒေါ်လာ ၅ သန်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ထမ်းလေ့ကျင့်ရေးအတွက် ၃ သန်းကို အသုံးပြုမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းပြသည်။

ယင်းအပြင် ကျန် ဒေါ်လာ ၂၅ သန်းကို ဗဟိုဘဏ်မှ တာဝန်ခံ၍ အရည်အသွေး မြှင့်တင်ရေးလုပ်ငန်း၊ ငွေရေးကြေးရေးဆိုင်ရာ သင်တန်းကျောင်း ဖွင့်လှစ်ရေးအတွက် ၆ သန်း၊ သတင်းအချက်အလက်၊ နည်းပညာအပါအဝင် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးမှုအစီအစဉ် ရေးဆွဲခြင်း၊ ငွေကြေးစီမံ ခန့်ခွဲခြင်း စသည့်လုပ်ငန်းများ အဆင့်မြှင့် တင်နိုင်ရန် ၂ သန်း၊ ငွေပေးချေမှုစနစ်ဖွံ့ဖြိုး ရေးအတွက် ၁၅ သန်းနှင့် စီမံကိန်း ပူးပေါင်းဆောင်သည့်အဖွဲ့တွင် ပါဝင်မည့် ဗဟိုဘဏ်မှဝန်ထမ်းများကို အရည်အသွေး မြှင့်တင်ရန် ၂ သန်း သုံးစွဲသွားမည်ဖြစ် ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ဆိုသည်။

ယင်းချေးငွေမှာ ဆိုင်းငံ့ကာလ ၆ နှစ်၊ ပြန်ဆပ်ကာလ ၃၂ နှစ်ဖြင့် အတိုးမဲ့ ချေးငွေဖြစ်သော်လည်း ဝန်ဆောင်ခအတွက် တစ်နှစ်လျှင်  ၀ ဒသမ ၇၅ ရာခိုင်နှုန်းဖြင့် ချေးယူရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ချေးငွေအပေါ် ကမ္ဘာ့ဘဏ် ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်အရ  ကတိခံကြေးကို ၀ ဒသမ ၅ ရာခိုင်နှုန်းပေးရနိုင်ဖွယ် ရှိပြီး ဝန်ဆောင်ခ ၀ ဒသမ ၇၅ ရာခိုင်နှုန်းကို ချေးငွေထုတ်ယူသည့်နေ့ သော်လည်းကောင်း၊ ဆိုင်းငံ့ကာလ ၆ နှစ် ပြည့်မှ သော်လည်းကောင်း တစ်နှစ်လျှင် နှစ်ကြိမ် ပေးရမည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ပါရှိသည်။