News

POST TYPE

LOCAL

ရန်ကုန်အပါအဝင် မြို့ကြီးများတွင် ၈၈၈၈ နှစ်ပတ်လည် အခမ်းအနားပြုလုပ်
09-Aug-2016 tagged as

ရန်ကုန်၊ ဩဂုတ်  ၈ 

မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ပြောင်းလဲရေးတွင် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်သည့် ၈၈၈၈ နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့တော် အပါအဝင်  တိုင်းဒေသကြီးနှင့် မြို့ကြီးများ၌ ပြုလုပ်ခဲ့ကြသည်။ 

ရန်ကုန်မြို့တော်တွင် ၈၈၈၈  နှစ်ပတ်လည် အခမ်းအနားကို   ရန်ကုန်မြို့တော်ခန်းမ ရှေ့တွင် ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်း ၈ နာရီ ၈ စက္ကန့်တွင် ကျင်းပခဲ့ရာ  ကျဆုံးခဲ့သူများကို ဝတ်ပြုဆုတောင်းခြင်း၊   အမှတ်တရ ဟောပြောခြင်း၊ ပန်းစည်းများချခြင်း တို့ကို ပြုလုပ်ခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပီယ ကျောင်းတိုက်တွင် ၈၈၈၈ နှစ်ဆယ့်ရှစ်နှစ် အခမ်းအနားကို ပြုလုပ်ခဲ့ရာ သူရဦးတင်ဦး၊ ဦးခွန်ထွန်းဦး စသော နိုင်ငံရေး ခေါင်းဆောင်များ၊ ဦးမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်နှင့် ပွင့်လင်းအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

ပဲခူး၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မွန်၊ ကချင်ပြည်နယ်ရှိ မြို့နယ်အချို့တွင်  ဩဂုတ်လ ၈ရက်နေ့ နံနက်ပိုင်းက ၂၈ နှစ် မြောက် ရှစ်လေးလုံး နှစ်ပတ်လည်အခမ်း အနားများကို  အသီးသီး ကျင်းပခဲ့သည်။ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး အစည်း အဝေးခန်းမဆောင်တွင်  ယင်းနေ့ နံနက် ၆နာရီက တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်များ၊ မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင်များက  ရှစ်လေးလုံးတွင် ကျဆုံး ခဲ့သော ဒီမိုကရေစီ  တိုက်ပွဲဝင်ခဲ့ကြသည့်  ကျောင်းသားနှင့် ရဟန်းရှင်လူများအတွက်  သံဃာတော်များကို  ဆွမ်းကပ်ကာ ရေစက်ချ အမျှဝေခဲ့ကြောင်း မြို့နယ် NLD ပါတီ ထံမှ သိရှိရသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သာယာဝတီမြို့ သီရိမင်္ဂလာ ဘုန်းကြီးကျောင်းတွင်  ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနား ကျင်းပခဲ့ရာ ကျဆုံးခဲ့သော ရဟန်းရှင်လူ ပြည်သူများကို ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ်  တစ်မိနစ်ခန့် ငြိမ်သက်ခဲ့ကြောင်း၊ ယင်းနောက်  ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ  ဦးကိုကိုကြီး က ၈၈ ဒီမိုကရေစီ အရေးတော်ပုံ အတွေ့ အကြုံ၊ ဒေါက်တာညိုညိုသင်းက ဆရာစံ အရေးတော်ပုံနှင့်  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် တရားဥပဒေ၏  အားနည်းချက်များကို  ပြောကြားခဲ့ကြောင်း၊ ယင်းအပြင် ၂၁ ရာစုပင်လုံ ညီလာခံကို ထောက်ခံသည့် လက်မှတ်များ ကောက်ခံခဲ့ရာ တက်ရောက်လာသူ  ၅၀၀ ခန့်က လက်မှတ် ရေးထိုးခဲ့ကြောင်း အခမ်းအနား စီစဉ်သူ  ကိုကျော်နိုင်ဦးက ပြောကြားသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အောင်မြေမာန်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ရှစ်လေးလုံး အင်အားစုအဖွဲ့ဝင် ဦးမိုက်ကယ်၏ နေအိမ်တွင် ယင်းနေ့ နံနက်ပိုင်းက ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို ကျင်းပခဲ့ကြောင်း၊ ယင်းအခမ်း အနားတွင် မြို့ပေါ်ရှိ သံဃာ ၈၈ ပါးကို ဆွမ်းလောင်းလှူခြင်း၊ သေဆုံးခဲ့သော  ဦးမိုက်ကယ်အပါအဝင် ရှစ်လေးလုံး အရေးတော်ပုံတွင် ပါဝင်သူများအတွက် တရားနာ ရေစက်ချခြင်း၊ ရှစ်လေးလုံး အရေးတော်ပုံ  သမိုင်းကြောင်းများ ဟောပြောခြင်း၊ ကဗျာရွတ်ခြင်းများကို  ကျင်းပခဲ့ကြောင်း ရှစ်လေးလုံး အင်အားစု ဦးသောင်းရွှေက ပြောကြားသည်။ 

အလားတူ  မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ပေါက်ဘုန်းကြီးကျောင်းတွင် ၂၈ ကြိမ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနားကို မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များက တက်ရောက်ခဲ့သည်။

ကချင်ပြည်နယ်  မြစ်ကြီးနားမြို့၊ မန္တလေးကျောင်းတိုက်တွင်   ဩဂုတ်လ ၈ရက် နံနက်ပိုင်းက  ရှစ်လေးလုံးနှစ် ပတ်လည် အခမ်းအနား ကျင်းပခဲ့ရာ ကချင်ပြည်နယ်ရှိ ဝန်ကြီးလေးဦး ပထမဦးဆုံးအကြိမ် တက်ရောက်ခဲ့ကြောင်း၊ အဆိုပါ ဝန်ကြီးများမှာ စည်ပင်သာယာရေး ဝန်ကြီးဦးနေဝင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်း၊ သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဝင်းညွန့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးဝေလင်းတို့ တက်ရောက် ခဲ့ခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သူကျော်က ပြောကြားသည်။

“စစ်မှန်တဲ့ ဒီမိုကရေစီ မရမချင်း ကျွန်တော်တို့အတူ လက်တွဲပြီး ဆက်လက် အကောင်အထည် ဖော်ကြမယ်လို့ တိုက်တွန်းလိုပါတယ်” ဟု ပြည်နယ်စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက ပြောကြားသည်။ 

ရှစ်လေးလုံး အရေးတော်ပုံသည်  ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ရက်နေ့က  ရန်ကုန်မြို့တော်ရှိ ကျောင်းသားလှုပ်ရှားမှု မှတစ်ဆင့် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်လာပြီး  ဦးနေဝင်း ဦးဆောင်သည့်  တစ်ပါတီ အာဏာရှင်အစိုးရကို ဖြုတ်ချနိုင်ခဲ့သော အရေးတော်ပုံ ဖြစ်သည်။ 

  • TAGS