POST TYPE
LOCAL
အစိုးရ စက်သုံးဆီ ဈေးနှုန်းများ ကျဆင်း
09-Aug-2016
ရန်ကုန်၊ ဩဂုတ် ၈
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာရေနံနှင့် ဓာတုဗေဒလုပ်ငန်းက ဖြန့်ဖြူးရောင်းချပေးနေသော စက်သုံးဆီများမှာ ဩဂုတ်လဆန်းမှ စတင်၍ နိုင်ငံတကာဈေးကွက်ပေါက်ဈေး နှင့်အပြိုင် ရောင်းချမှုကြောင့် ဈေးနှုန်းများ ကျဆင်းလာခဲ့ကြောင်း စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများထံမှ သိရသည်။
ယခင်က ဒီဇယ်ဆီ (Diesel) တစ်ဂါလန်လျှင် ၂၅၅၀ ကျပ်၊ စီဂျီအို CGO (Cooker GasOil) တစ်ဂါလန်လျှင် ၂၇၀၀ ကျပ်၊ ဆီပြာ (Blue Oil) တစ်ဂါလန်လျှင်၂၅၇၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ရာမှ ပြင်ပပုဂ္ဂလိက ဈေးကွက်ပေါက်ဈေးနှုန်း များနှင့် ယှဉ်ပြိုင်နိုင်ရန် Mean of Platt’s Singarepore - MOP ဈေးနှုန်းကို အခြေခံကာ လစဉ် ဈေးနှုန်းအရှင်များဖြင့် ရောင်းချမှုကြောင့် ဈေးနှုန်းပေါက်ဈေး များထက် ကျဆင်းလာကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာရေနံဓာတု ဗေဒလုပ်ငန်းထံမှ သိရသည်။
“အရင်က စက်သုံးဆီဈေးနှုန်းတွေက လျှော့ချလို့မရဘူး။ ဈေးနှုန်းတွေက ပြင်ပဈေးနဲ့ယှဉ်ရင် အရမ်းကွာသွားတယ်။ အပြင်က ပေါက်ဈေးတွေကျပေမယ့် အစိုးရဈေးက မကျဘူး။ အဲတော့ရောင်းချတဲ့အခါ ဈေးကြီးတော့ ဝယ်မသုံးနိုင်ဘူး ဖြစ်နေတယ်။ အခုဈေးကျလာတော့ ဝယ်ယူမှုတွေလည်း ပြန်ရှိလာပါပြီ” ဟု မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။
အစိုးရစက်သုံးဆီများကို ဈေးနှုန်း အရှင်များဖြင့် ရောင်းချရာတွင် ဒီဇယ်ဆီ တစ်ဂါလန် ၂၀၀၀ ကျပ်ဖြင့်သာ ပြန်လည် ရောင်းချနေပြီး စီဂျီအိုတစ်ဂါလန်လျှင် ၁၆၀၀ ကျပ်နှင့် ဆီပြာတစ်ဂါလန်လျှင် ၁၄၀၀ ကျပ်များဖြင့် ပေါက်ဈေးဖွင့်ခဲ့ခြင်း ဖြစ်သည်။
“အရင်က ဆီပြာကို သုံးလေးလနေမှ ဂါလန်ငါးထောင်လောက်ပဲ ရောင်းရတာ။ အခုတော့ ဈေးနှုန်းအရှင်နဲ့ စရောင်းတယ် ဆိုကတည်းက ဂါလန်နှစ်သောင်းလောက် ရှိနေပါပြီ။ စာရင်းတွေတော့ မချုပ်ရသေးပါဘူး” ဟု ရေနံဓာတုဗေဒ စက်ရုံစု (ချောက်)၊ ဖြန့်ဖြူးရောင်းချရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြန်မာ့ရေနံဓာတုဗေဒ ကုန်ထုတ်လုပ်ငန်းမှ စက်သုံးဆီများကို ဈေးနှုန်း အရှင်များဖြင့် ရောင်းချရာတွင် ဒီဇယ်ဆီကို အနည်းဆုံး ဂါလန် သုံးသောင်းအထိမှ စတင် ဝယ်ယူရမည်ဖြစ်ပြီး ဆီပြာအား အနည်းဆုံး ဂါလန်သုံးထောင်ဖြင့်လည်းကောင်း စီဂျီအိုအား အနည်းဆုံးဂါလန် တစ်သိန်းမှစတင်ကာ ဝယ်ယူရမည်ဖြစ်သည်။
စက်သုံးဆီများ၏ ဈေးနှုန်းများသည် ပြင်ပပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် ဈေးနှုန်းများနှင့် ကွာဟမှုများ ရှိနေသောကြောင့် အစိုးရဝန်ကြီးဌာနများကိုသာ အဓိက ရောင်းချပေးနေရကြောင်းနှင့် ၂၀၁၀ နောက်ပိုင်း ပုဂ္ဂလိကလုပ်ငန်းရှင်များအား စက်သုံးဆီရောင်းဝယ်ခွင့် ပြုပြီးသည့်နောက်တွင် ပြင်ပမှ ဝယ်ယူမှုများ နည်းပါးလာကြောင်း မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းထံမှ သိရသည်။
- VIA
- Voice Admin
- SOURCES
- The Voice
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
15-Feb-2019