News

POST TYPE

LOCAL

မြန်မာကို အထူးအခွန် ကင်းလွတ်ခွင့်ပြန်ပေးရန် အမေရိကန်အစီအစဉ်ရှိ ဟုဆို
09-Aug-2016 tagged as

ရန်ကုန်၊ ဩဂုတ် ၈

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် အထူးအခွန်ကင်းလွတ်ခွင့် (GSP) ပြန်ပေးရန် အစီအစဉ်ရှိကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Mr. Charles Rivkin ၏ ပြောကြားချက်ကို ကုန်သည်/စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြန်လည်ပြောကြားသည်။ 

ဩဂုတ် ၈ ရက်နေ့က မြန်မာလုပ်ငန်းရှင်များနှင့် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးတို့ ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်တွင် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာမောင်မောင်လေးက ပြောဆိုသည်။ သို့ရာတွင် အမေရိကန်ကွန်ဂရက် လွှတ်တော်၌ တင်ပြဖို့လိုအပ်သည်ဟု ပြောကြားသွားကြောင်း ကုန်သည်/စက်မှု အသင်းချုပ်ထံမှ သိရသည်။ 

ကုန်ပစ္စည်းအမည်ပေါင်း ၅၀၀၀ ကျော်ကို အထူးအခွန်ကင်းလွတ်ခွင့် ရရှိရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း ဒေါက်တာမောင်မောင်လေးက ပြောဆိုသည်။

အထူးအခွန်ကင်းလွတ်ခွင့် မရရှိခြင်းကြောင့် ငွေကြေးအရ ယှဉ်ပြိုင်နိုင်ခြင်း မရှိသည့်အတွက် အမေရိကသို့ ကုန်ပစ္စည်းများကို အခြားနိုင်ငံများနှင့် ယှဉ်၍ တင်ပို့နိုင်ခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံ အနေနှင့် အမေရိက၏ အထူးအခွန် ကင်းလွတ်ခွင့်ကို ဆုံးရှုံးထားသည်မှာ ဆယ်စုနှစ် များစွာ ကြာမြင့်နေပြီဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။ 

အမေရိကန် လက်ထောက်နိုင်ငံ ခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် လာရောက်ခြင်း ဖြစ်ပြီး ယခုအကြိမ်တွင် အမေရိကန် ထိပ်တန်း စီးပွားရေးလုပ်ငန်းများ ဖြစ်သည့် IBM ၊ GE ၊ GM ၊ Chevrolet ၊ Deloitte နှင့် Coca Cola ကုမ္ပဏီတို့လည်း ပါဝင်ခဲ့သည်။                                    

  • TAGS