News

POST TYPE

LOCAL

ပုသိမ်မြို့ပေါ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၁၆ ခုဖွင့်
09-Aug-2016

ပုသိမ်၊ သြဂုတ် ၈

ဧရာဝတီတိုင်း ပုသိမ်မြို့ပေါ်ရှိ အနိမ့်ပိုင်း ရပ်ကွက်များသို့ ငဝန်မြစ်ရေ ဝင်ရောက်မှုကြောင့်  နေအိမ်များ ရေဝင်မြုပ်နေသဖြင့် ရပ်ကွက် ၆ ခုတွင် သြဂုတ်လ ၆ ရက်နေ့မှ သြဂုတ်လ ၈ ရက်နေ့အထိ ကယ်ဆယ်ရေးစခန်း ၁၆ ခု ဖွင့်လှစ်ထားရကြောင်း ပုသိမ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 
“မြို့ပေါ်က ကယ်ဆယ်ရေးစခန်းတွေကို ကျွန်တော်တို့ သွားကြည့်နေပါတယ်၊ တချို့ စခန်းတွေက မြို့နယ်ထွေ/အုပ်ရုံးမှာ စာရင်းမဝင်သေးဘူး၊ တချို့စခန်းတွေက ရေမြုပ်လာလို့ ထပ်ပြောင်းရတာတွေ ရှိတယ်” ဟု ပုသိမ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေးက ပြောကြားသည်။

အဆိုပါ ကယ်ဆယ်ရေစခန်းများကို အမှတ် (၁) ရပ်ကွက်တွင် ၄ ခု၊ အမှတ် (၈) ရပ်ကွက်တွင် ၅ ခု၊ အမှတ် (၁၂) ရပ်ကွက်တွင် ၂ ခု၊ အမှတ် (၃) ရပ်ကွက်တွင် ၁ ခု၊ ရွာသစ်ကျေးရွာတွင် ၂ ခု၊ ရွှေမြင်တင်ကျေးရွာတွင် ၂ ခုတို့ ဖွင့်လှစ်ထားပြီး လူဦးရေ သုံးထောင်ကျော် ရောက်ရှိနေထိုင်နေကြောင်း၊ ယင်းကယ်ဆယ်ရေး စခန်းမျာကို တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ဆန်နှင့် စားသောက်ကုန်များကို ထောက်ပံ့ထားကြောင်း အဆိုပါ စခန်းများထံမှ သိရှိရသည်။

“မနှစ်ကထက် ရေပိုတက်လာတယ်၊ အိမ်ပေါ်ကနေ အောက်ဆင်းလိုက်ရင် လူတစ်ရပ် မြုပ်နေတယ်၊ ကလေးတွေ ကျောင်းတက်ရတာ အဆင်မပြေဘူး။ ထမင်းချက်ဖို့ နေရာမရှိဘူး၊ အိပ်စရာ နေစရာရှိရင် ပြီးရောဆိုပြီး ဒီမှာလာနေနေရတာ” ဟု အမှတ် (၃) ရပ်ကွက်၊ တာဝတိံသာဘုရား ဇာတ်ရုံရှိ ရေဘေးကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေသော ကိုအောင်မိုးဝင်းက ပြောဆိုသည်။ 

ငဝန်မြစ် ရေလျှံမှုကြောင့် သြဂုတ်လ ၄ ရက်နေ့မှ စတင်ကာ မြို့ပေါ်ရှိ ရပ်ကွက် ၇ ခုနှင့် ကမ်းနားလမ်း အပါအဝင် လမ်းမကြီးအချို့တွင် ရေဝင်နစ်မြုပ်ခဲ့ကြောင်း၊ ပုသိမ်မြို့ခံများထံမှ သိရသည်။ 

ပုသိမ်မြို့တွင် လမ်းများချဲ့ထွင်ခြင်း၊ ကွန်ကရစ်လမ်းများ ခင်းရာတွင် ရပ်ကွက်အတွင်းရှိ ရေထုတ်မြောင်းများ ကျဉ်းသွားကြောင်း၊ ယင်းအတွက်ကြောင့် မြစ်ရေ ပြန်ကျသွားသော်လည်း  ရေထုတ်မြောင်းများ ရေထွက်အားနည်းရခြင်း ဖြစ်ကြောင်း ပုသိမ်မြို့ စည်ပင်သာယာ စောင့်ကြည့်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။