News

POST TYPE

LOCAL

ကမ္ဘာ့ဘဏ် ချေးငွေထဲမှ ဝန်ထမ်းလစာ တိုးပေးမည်ဆိုသည့် သတင်း မဟုတ်မှန်ဟုဆို
09-Aug-2016

ရန်ကုန်၊ ဩဂုတ် ၈

ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူမည်ဖြစ်ပြီး ယင်းချေးငွေများထဲမှ နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးမည်ဟု သတင်းထွက်ပေါ်နေခြင်းမှာ မဟုတ်မှန်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူရန် ဩဂုတ် ၅ ရက်တွင် ပြည်ထောင်စုလွှတ်တော် နာယကထံ စာရေးသား ပေးပို့ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရသည်။

ယင်းပေးပို့စာနှင့် ပတ်သက်၍ ဦးဇော်ဌေးက “ဝန်ထမ်းတွေ လစာတိုးဖို့ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ဘတ်ဂျက်မှာ လိုငွေအရမ်းပြနေတော့ ကမ္ဘာ့ဘဏ်က သန်း ၆၀ ဝင်ကာနိုင်ဖို့ ဖြစ်တယ်။ ဘတ်ဂျက်ကနေ ပေးနေရတဲ့ ဝန်ထမ်းလစာတွေ၊ ချီးမြှင့်ငွေစရိတ်တွေကို ဘတ်ဂျက်ထဲက မပေးဘဲ ကမ္ဘာ့ဘဏ်ချေးငွေကနေ ပေးမှာဖြစ်တယ်။ လစာတိုးဖို့ မဟုတ်ဘူး” ဟု ဆိုသည်။

အဆိုပါ ကမ္ဘာ့ဘဏ်မှ ချေးယူမည့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ တွင် ဝန်ထမ်းများ၏ အဆောင်အယောင် ချီးမြှင့်ငွေပေးရန် သန်း ၆၀၊ အစိုးရဘဏ်များ ပြုပြင်ပြောင်းလဲရန် ခုနစ်သန်း၊ ငွေပေးချေမှုစနစ် ဖွံ့ဖြိုးရန် ၁၅ သန်း စသည်ဖြင့် သုံးစွဲသွားမည် ဖြစ်သည်။

ယင်းချေးယူမည့် ငွေများကို နှစ် ၃၀ အတိုးမဲ့ဖြင့် ချေးယူသွားမည် ဖြစ်ကြောင်း သမ္မတရုံးထံမှ သိရသည်။