News

POST TYPE

LOCAL

တစ်နိုင်ငံလုံးတွင် ယာဉ်မတော်တဆမှုကြောင့် ခုနစ်လအတွင်း လူ ၂၈၀၀ ကျော် သေဆုံး
08-Aug-2016 tagged as ယာဉ်

ရန်ကုန်၊ သြဂုတ် ၇

မြန်မာတစ်နိုင်ငံလုံးတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ယာဉ်မတော်တဆမှုပေါင်း ၉၅၀၀ ကျော် ဖြစ်ပွားခဲ့ရာမှ လူ ၂၈၀၀ ကျော် သေဆုံးခဲ့ ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ ဦးစီးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် တစ်နေ့လျှင် ၁၃ ဦးခန့် ပျမ်းမျှသေဆုံးခဲ့ပြီး ခုနစ်လအတွင်း ယာဉ်မတော်တဆမှုကြောင့် ၁၅၄၇၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ယင်းယာဉ်ထိန်းရဲတပ်ဖွဲ့ ဦးစီးမှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

ရန်ကုန်တိုင်းဒေသကြီးမှာ ယာဉ်မတော်တဆမှု အများဆုံး ဖြစ်ပွားခဲ့ပြီး ခုနှစ်လအတွင်း အမှုပေါင်း ၁၆၀၀ ဖြစ်ပွားခဲ့ရာမှ ၃၈၃ ဦး သေဆုံးကာ ၁၉၆၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခုနှစ်လအတွင်း ယာဉ်မတော်တဆမှု ၄၅၀ ကျော် ဖြစ်ပွားခဲ့ရာမှ ၁၀၁ ဦး သေဆုံးပြီး ၈၂၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံးများထံမှ စုံစမ်းသိရှိရသည်။ 

“ရန်ကုန်တိုင်းမှာဖြစ်တဲ့ ယာဉ်မတော်တဆမှုတွေက စည်းကမ်းမလိုက်နာတဲ့ ကိုယ်ပိုင်ယာဉ်အများစု ယာဉ်တိုက်မှု ကျူးလွန်တာကို စစ်ဆေးတွေ့ရှိရတယ်၊ အမြန်လမ်းမှာဖြစ်တဲ့ ယာဉ်မတော်တဆမှုတွေက လမ်းပေါ်စီးနင်းခွင့် မပြုထားတဲ့ ဆိုင်ကယ်တွေ တက်မောင်းရာက ဟိုင်းဝေးကားတွေနဲ့ ယာဉ်တိုက်မှုဖြစ်တာ အများဆုံး တွေ့ရတယ်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှုမရှိရင် ပညာပေးမှုနဲ့ ဖမ်းဆီးအရေးယူမှုတွေ ဘယ်လောက်လုပ်လုပ် ယာဉ်မတော်တဆမှုက ကျဆင်းသွားမှာ မဟုတ်ဘူး” ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ ဦးစီးမှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

၂၀၁၅ ခုနှစ်က မြန်မာတစ်နိုင်ငံလုံးတွင် ယာဉ်မတော်တဆမှုပေါင်း ၁၅၆၇၇ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၄၂၀ ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၂၅၀၀၀ ကျော် ရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ ဦးစီးမှူးရုံးထံမှ သိရှိရသည်။