News

POST TYPE

LOCAL

ရေဘေးသင့် ကလေးဒေသ ပြန်လည်ထူထောင်ရေး အထောက်အကူပြုစေရန် ကွင်းဆင်းသုတေသနပြု
07-Aug-2016

ကလေး၊ သြဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ မြစ်သာမြစ်ကမ်းတွင် နေထိုင်သော ရေဘေးသင့် ကျေးရွာများ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အထောက်အကူပြုစေရန် ကလေးမြို့ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် ပထဝီဌာနမှ ပါမောက္ခဌာနမှူး အပါအဝင် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများက ကွင်းဆင်းကာ သုတေသန လုပ်ငန်းများကို သြဂုတ်လ ၆ ရက်နေ့မှ စတင်ကာ ဆောင်ရွက်နေကြောင်း ပါမောက္ခ ဒေါက်တာ သက်ခိုင်က ပြောကြားသည်။ 

ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူမှုကူညီရေး အသင်းများ အထောက်အကူ ပြုစေရေးနှင့် ပညာရေး သုတေသန စာတမ်းတွင် အသုံးပြုနိုင်ရန် ရည်ရွယ်ကာ အဖွဲ့ဝင် ၁၅ ဦးပါသော အဖွဲ့က ကလေးမြို့ မြစ်သာမြစ်ကမ်း အရှေ့ဘက်ရှိ ရေဘေးသင့် ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ၂ဝ၁၅ ခုနှစ် ရေဘေး မကြုံစဉ်ကနှင့် လက်ရှိတွင် နေထိုင်စားသောက်သည့် အခြေအနေ၊ လူဦးရေ စာရင်း၊ စီးပွားရေး အခြေအနေများကို စစ်တမ်း ကောက်ယူခဲ့ကြောင်း၊ သြဂုတ် ၇ ရက်နေ့တွင် မြစ်သာမြစ်ကမ်း အနောက်ဘက်ရှိ ရေဘေးသင့် ကျေးရွာများသို့ ဆက်လက် ကွင်းဆင်းကာ ကောက်ယူနေကြောင်း ၎င်းက ရှင်းပြသည်။ 

''ကျွန်တော်တို့ မေဂျာရဲ့ စီးပွားရေး စစ်တမ်း ကောက်တဲ့ပုံစံပေါ့၊ အဲ့ဒါကို အသုံးပြုပြီး ကောက်နေတာပါ၊ ကောက်ယူ ရရှိလာတဲ့ စစ်တမ်းကို လူမှုရေး အသင်းအဖွဲ့တွေ အသုံးပြုနိုင်ဖို့နဲ့ ကျွန်တော်တို့ ပညာရေးဌာန သုတေသန စာတမ်းတွေအတွက်လည်း အသုံးပြုချင် ပြုလို့ရအောင်ပါ''ဟု ၎င်းကပြောဆိုသည်။ 

အဆိုပါ စစ်တမ်းကို  နှစ်ရက်တာ ကောက်ယူမည်ဖြစ်ပြီး တက္ကသိုလ်က သင်ပေးသည့် ပညာရပ်များနှင့်  ပကတိ လူ့ပတ်ဝန်းကျင်ကို အထောက်အကူပြုနိုင်ကြောင်း၊ ကျောင်းသူ၊ ကျောင်းသားများ လက်တွေ့ သိရှိစေရန်၊ လက်ရှိ ပညာရေးသည် ကျောင်းထဲမှာတင် ရပ်နေပြီး ကျောင်းပြင်ပနှင့် မသက်ဆိုင်သော ပညာရေးကဲ့သို့ ဖြစ်နေကြောင်း၊ ငွေကုန် အချိန်ကုန် ပညာရေး ဖြစ်နေခြင်းအပေါ် စစ်တမ်းကောက်ခြင်းကြောင့် ပညာရေးနှင့် ပြည်သူလူထု သဟဇာတ ဖြစ်မည်ကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန်၊ သုတေသန စိတ်ဝင်စားသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ ခေါ်ယူကာ စစ်တမ်း ကောက်ယူခြင်းဖြစ်ကြောင်း ဒေါက်တာ သက်ခိုင်က ပြောကြားသည်။

  • VIA