News

POST TYPE

LOCAL

ရှစ်လေးလုံး အရေးတော်ပုံ အခမ်းအနား ယနေ့ ကျင်းပမည်
07-Aug-2016 tagged as

ရန်ကုန်၊ သြဂုတ် ၇

ရှစ်လေးလုံး အရေးတော်ပုံ ၂၈ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့တွင် ၈၈ မျိုးဆက်/ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဆောင်၍  သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ၈၈မျိုးဆက် (ငြိမ်း/ပွင့်) ထံမှ သိရသည်။

အစိုးရသစ် လက်ထက်တွင် ပထမဦးဆုံးအကြိမ် ကျင်းပမည့် ရှစ်လေးလုံး အရေးတော်ပုံ အခမ်းအနားကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံ ဓမ္မပီယ သာသနာ့ ရိပ်သာတွင် ကျင်းပမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) ထံမှ သိရသည်။

အခမ်းအနားသို့ နိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများ အားလုံးကို ဖိတ်ကြားထားကြောင်း ၈၈မျိုးဆက် (ငြိမ်း/ပွင့်) မှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုအံ့ဘွယ်ကျော်က ပြောကြားသည်။

အခမ်းအနားတွင် ရှစ်လေးလုံး အခမ်းအနားနှင့် ပတ်သက်သည့် ကြေညာချက် ထုတ်ပြန်ခြင်း၊ သမိုင်းတွင် ကိုယ်တိုင် ပါဝင်ခဲ့သူများက ဟောပြောခြင်း၊ ကျဆုံး ဒီမိုကရေစီ တိုက်ပွဲဝင် ကျောင်းသားများကို ဂါရဝ ပြုခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

''ဒီနှစ်က ပိုစည်စည်ကားကားလေး ဖြစ်အောင် လုပ်သွားမှာပါ။ ကျွန်တော်တို့ တစ်နိုင်ငံလုံးက ရှစ်လေးလုံး မျိုးဆက်တွေ အားလုံး ပါဝင်ပြီးတော့ ကျင်းပသွားမှာပါ။ အားလုံးကိုလည်း လာရောက်ဖို့ ဖိတ်ကြားပါတယ်''ဟု ၎င်းက ဆိုသည်။

မဆလ အစိုးရကို ဖြုတ်ချခဲ့သည့် သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်ပွားခဲ့သော သြဂုတ်လ ၈ ရက်နေ့ကို နိုင်ငံတော်အဆင့် အသိအမှတ်ပြု ဒီမိုကရေစီနေ့ တစ်နေ့အဖြစ် သတ်မှတ်ပေးရန် နိုင်ငံရေး အင်အားစုများက နှစ်စဉ် တိုက်တွန်းလျက် ရှိသည်။

ရှစ်လေးလုံး အရေးတော်ပုံသည် ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်က ရန်ကုန်မြို့ရှိ ကျောင်းသား လှုပ်ရှားမှုများမှ စတင်၍ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်လာပြီး ဦးနေဝင်း၏ တစ်ပါတီ အာဏာရှင် အစိုးရကို ဖြုတ်ချနိုင်ခဲ့သည့် အရေးတော်ပုံ ဖြစ်သည်။

ကျောင်းသားများမှ စတင်၍ သြဂုတ်လ ၈ ရက်နေ့တွင် ဒီမိုကရေစီ တောင်းဆိုသည့် တိုက်ပွဲများ တစ်နိုင်ငံလုံး ပြုလုပ်ရန် စီစဉ်ခဲ့ပြီး တစ်နိုင်ငံလုံး အရေးတော်ပုံ ဆင်နွှဲမည့် အစီစဉ်ကို ယင်းနေ့ မတိုင်မီ လေးရက်ကြို ကြေညာခဲ့သည်။

ယင်းဆန္ဒပြပွဲတွင် အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် ကျောင်းသားများ အပါအဝင် ပြည်သူ အများအပြား ကျဆုံးခဲ့ကြသည်။

  • VIA
  • TAGS