News

POST TYPE

LOCAL

ချောင်းသာကမ်းခြေ သန့်ရှင်းလှပရေးနှင့် ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်မည်
07-Aug-2016

ရန်ကုန်၊ သြဂုတ် ၇

မြန်မာနိုင်ငံတွင် လူအစည်ကားဆုံး ကမ်းခြေဖြစ်သော ချောင်းသာကမ်းခြေ သန့်ရှင်းသာယာ လှပရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို  ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ချောင်းသာဇုန်) ထံမှ သိရသည်။

ရန်ကုန်မြို့ Royal Garden Restaurant တွင် သြဂုတ်လ ၇ ရက်နေ့က ပြုလုပ်သော မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ချောင်းသာဇုန်)နှင့် မီဒီယာ တွေ့ဆုံပွဲတွင် (ချောင်းသာဇုန်)ဥက္ကဋ္ဌ ဦးကျော်ခိုင်က ချောင်းသာ ကမ်းခြေ သန့်ရှင်းသာယာ လှပရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို သြဂုတ်လ ၁၂ ရက်မှ ၁၄ ရက်အထိ ချောင်းသာတွင် ပြုလုပ်မည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်၊ ခရီးသွားလုပ်ငန်း နယ်ပယ်မှ ပညာရှင်များ တက်ရောက် ဆွေးနွေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း (ချောင်းသာဇုန်) ဥက္ကဋ္ဌ ဦးကျော်ခိုင်က ပြောကြားသည်။

''ကမ်းခြေက ခရီးသွားတွေ တိုးလာတာ၊ စည်ကားလာတာနဲ့အလျောက် ရိုက်ခတ်မှုက ရှိတယ်။ အမှိုက်တွေ ပေါ်လာတယ်။ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေ ဖြစ်တယ်။ အလုပ်ရုံ ဆွေးနွေးပွဲက ရလာတဲ့ အချက်တွေကို စာတမ်း ပြုစုပြီး ဗဟိုအစိုးရကို တင်ပြမှာ ဖြစ်တယ်''ဟု ၎င်းက ဆိုသည်။

ချောင်းသာ ကမ်းခြေသည် ဖွံ့ဖြိုး တိုးတက်ရန် စိန်ခေါ်မှု များစွာ ရှိနေပြီး ဒေသခံ ပြည်သူ၊ ခရီးသွား ဧည့်သည်၊ ဟိုတယ်လုပ်ငန်းရှင်၊ အစိုးရ ပူးပေါင်း ဆောင်ရွက်မှ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ ရေရှည် တည်တံ့ရန် သဘာဝ ပတ်ဝန်းကျင်ကို ဂရုစိုက်ရန် လိုအပ်နေကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးနိုင်ဝင်းက ပြောကြားသည်။

''အားလုံးက လက်ရှိ အခက်အခဲကို ဘယ်လို ရင်ဆိုင်မယ်ဆိုတာ အဖြေ ရှာရမယ်။ ဝန်ကြီးဌာနက ဘယ်အတိုင်းအတာထိ လုပ်ဆောင်ပေးမယ်ဆိုတာ ဆုံးဖြတ်ပေးဖို့ လိုတယ်''ဟု ၎င်းက ဆိုသည်။

အဆိုပါ ကမ်းခြေတွင် ရေဆိုးများကို စနစ်တကျ စွန့်ပစ်ခြင်း နည်းပါးမှုကြောင့် ရေရှည်တွင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ချောင်းသာဇုန်)ထံမှ သိရသည်။ 

  • VIA