POST TYPE

LOCAL

ပုသိမ်-ဟသာင်္တ ရထားလမ်း ယနေ့ နံနက်မှစ၍ ပိတ်ထား
06-Aug-2016 tagged as disaster2016 ရေ ပုသိမ်

ပုသိမ်၊ သြဂုတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် ဟသာင်္တမြို့များကို ဆက်သွယ်ထားသည့် မီးရထားလမ်းကို သံလမ်းပေါ် ရေကျော်နေပြီ ဖြစ်သဖြင့် ရထားသွားလာမှု ရပ်ဆိုင်းထားကြောင်း မြန်မာ့မီးရထား တိုင်း (၉) ရုံးမှ သိရသည်။

“ဒီမနက် ၉ နာရီခွဲလောက်မှာ ရပ်ဆိုင်းလိုက်တာပါ။ ရေပြန်ကျသွားတဲ့အချိန် ရထားလမ်းပိုင်း ကြံ့ခိုင်ရေးကို စစ်ဆေးပြီးရင် ပြန်လည်ပြေးဆွဲသွားမှာပါ” ဟု မီးရထား တိုင်း (၉) သွားလာရေး မန်နေဂျာ ဦးဇော်လွင်က ပြောကြားသည်။

ပုသိမ်-ဟသာင်္တ ရထားလမ်းရှိ ဂုံမင်းရွာနှင့် ဒါးကရွာကြား ရထားမိုင်တိုင် အမှတ်-၁၆၆ (၁၄ နှင့် ၁၈ ကြား) နှင့် ၁၆၇ (၁၄ နှင့် ၁၇ ကြား) သံလမ်းအထက်သို့ ရေခုနစ်လက်မခန့် တက်နေသဖြင့် ရထားပြေးဆွဲမှုကို ယာယီရပ်ဆိုင်းထားလိုက်ခြင်း ဖြစ်ကြောင်း၊ ယနေ့နံနက် ပုသိမ်မှ ဟသာင်္တသို့ ထွက်ခွာသော အမြန်ရထားနှင့် စာပို့အဆန်ရထားများမှာ အဆိုပါ နေရာသို့ ဖြတ်သန်းသွားနိုင်သော်လည်း ဟသာင်္တမှ ပုသိမ်သို့ ထွက်ခွာလာသည့် ၁၈၈ အစုန်ရထားမှာ ဂုံမင်းကျေးရွာတွင် ပိတ်မိခဲ့ကြောင်း၊ ရထားပေါ်ပါ ခရီးသည် ၂၀ ကျော်ခန့်ကို ၄င်းတို့သွားလိုရာသို့ ကားများဖြင့် စီစဉ်ပို့ဆောင်ပေးခဲ့ရကြောင်း၊ ကြံခင်းမှ ပုသိမ်သို့ ထွက်ခွာလာသော အစုန်ရထားများကိုမူ ရေကျော်ခြင်း မရှိသေးသည့် အသုတ်မြို့အထိ ပြေးဆွဲပေးခဲ့ကြောင်း၊ တိုင်းမန်နေဂျာများ ဖြစ်ကြသည့် ဦးဇော်လွင်၊ ဦးကျော်ရွှေနှင့် ဦးစိုးမြင့်အောင်တို့က ကြီးကြပ်၍ လမ်းပိုင်းစစ်ဆေးခြင်း၊ ခရီးသည်များ သယ်ယူပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မီးရထား တိုင်း (၉) ရုံးမှ သိရသည်။ 

အဆိုပါ နေရာများမှာ နှစ်စဉ်ရေကျော်သည့် နေရာများဖြစ်သည်။

ပုသိမ်-ဟသာင်္တ ရထားပြေးဆွဲမှုကို ရပ်ဆိုင်းထားလိုက်သော်လည်း ပုသိမ်မြို့မှ ထွက်ခွာနေသည့် မော်တော်ယာဉ်လိုင်းများမှာ ဆက်လက်ထွက်ခွာနေဆဲဖြစ်ပြီး ပုသိမ်-ရန်ကုန် ကားလမ်းပေါ်သို့ ရေမကျော်သေးကြောင်း ယာဉ်ပိုင်ရှင်များထံမှ သိရသည်။