News

POST TYPE

LOCAL

သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ မူဘောင်သစ် တစ်ရပ် ကမ္ဘာ့ဘဏ် အတည်ပြု
06-Aug-2016

ရန်ကုန်၊ သြဂုတ် ၆

ကမ္ဘာ့ဘဏ်၏ ငွေကြေး ထောက်ပံ့မှုနှင့် ဆောင်ရွက်မည့် စီမံကိန်းကြီးများတွင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝ မထိခိုက်စေရေး အဓိကထား ဆောင်ရွက်ရန်အတွက် မူဘောင်သစ် တစ်ရပ်ကို အတည်ပြု ထုတ်ပြန်လိုက်ကြောင်း ကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန်သည်။

လူနေမှုဘဝနှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် အကာအကွယ်ပေးရေး တိုးမြှင့်လုပ်ဆောင် နိုင်ရန်အတွက် သဘာဝ ပတ်ဝန်းကျင်နှင့် လူနေမှုဘဝဆိုင်ရာ မူဘောင်သစ် တစ်ရပ်ကို သြဂုတ် ၅ ရက်တွင် ကမ္ဘာ့ဘဏ်၏ အမှုဆောင် ဒါရိုက်တာအဖွဲ့က အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ မူဘောင်ကို ပြန်လည် သုံးသပ်ရာတွင်လည်း အကြံပြု ဆွေးနွေးမှုများနှင့် လေ့လာ သုံးသပ်မှုများကို လေးနှစ်ကြာ ဆောင်ရွက်ခဲ့ပြီးနောက် ယခုကဲ့သို့ အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် မြစ်ဆုံစီမံကိန်းတို့ကဲ့သို့ ရေအားလျှပ်စစ် ထုတ်ယူမည့် စီမံကိန်းများအပြင် သတ္တု တူးဖော်ခြင်း၊ ကျောက်မီးသွေး တူးဖော်ခြင်းနှင့် ရွှေတူးဖော်ခြင်း စီမံကိန်းကြီးများကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာမှုများ ရှိနေပြီး ဒေသခံများနှင့် ကုမ္ပဏီအကြား ပဋိပက္ခများ ဖြစ်ပေါ်နေရကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက သုံးသပ် ပြောဆိုသည်။

ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ လျှပ်စစ်မီး ရရှိရေး၊ စာသင်ကျောင်းနှင့် လမ်း၊ တံတားများ တည်ဆောက်ရေး အပါအဝင် သောက်သုံးရေ ရရှိရေးနှင့် ဧရာဝတီမြစ် ရေလမ်းကြောင်း ဖွံ့ဖြိုးရေး ကဲ့သို့ စီမံကိန်းကြီးများ ဆောင်ရွက်ရန် ချေးငွေ ထောက်ပံ့ပေးလျက် ရှိနေသည်။

  • VIA