News

POST TYPE

LOCAL

ဖဲကြိုးပြာ လှုပ်ရှားမှု ဗဟိုကြေညာချက် သြဂုတ်လ ဒုတိယပတ် ထုတ်မည်
05-Aug-2016
ရန်ကုန်၊ သြဂုတ် ၅

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အတွင်းရှိ မူဝါဒ အလွဲများကို ပြုပြင်ပြောင်းလဲနိုင်ရန် ဖဲကြိုးပြာလှုပ်ရှားမှု ဗဟိုအဆင့် ကြေညာချက် တစ်စောင်ကို သြဂုတ်လ ဒုတိယအပတ်တွင်  ထုတ်ပြန်မည်ဖြစ်ကြောင်း ဖဲကြိုးပြာ လှုပ်ရှားမှု ဦးဆောင်ကော်မတီ (ယာယီ) က ပြောရေးဆိုခွင့်ရှိသူ ကိုကျော်ဇင်က The Voice သို့ ပြောကြားသည်။

ဖဲကြိုးပြာ လှုပ်ရှားမှု (Blue Ribbon Campaign) ကို ဇူလိုင်လ နောက်ဆုံး အပတ်က စတင်ခဲ့ပြီး လတ်တလောတွင် ကျန်းမာရေးမှူးများ၊ ကျန်းမာရေး တက္ကသိုလ် ကျောင်းသားများနှင့် ကျောင်းသားဟောင်းများ၊ အခြေခံကျန်းမာရေး ဝန်ထမ်းများ ပါဝင်ကာ တိုင်းနှင့် ပြည်နယ်အလိုက် ကြေညာချက် တစ်စောင်စီ ထုတ်ပြန်ရန် စီစဉ်လျက်ရှိပြီး ယင်းကြေညာချက်များကို စုပေါင်း ကောက်နုတ်ကာ သြဂုတ်လ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဗဟိုအဆင့် ကြေညာချက် တစ်စောင် ထပ်မံ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ ဗဟိုအဆင့် ကြေညာချက် ထွက်လာပါက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တွေ့ဆုံကာ ကျန်းမာရေး ဝန်ထမ်းများ၏ အခွင့်အလမ်းများအတွက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

“ဖဲကြိုးပြာကို ပျောက်ဆုံးနေတဲ့ အခွင့်အလမ်းတွေအတွက် ခွဲခြား ဖိနှိပ် ဆက်ဆံမှုတွေကို ငြိမ်းချမ်းစွာ တော်လှန်တဲ့ အနေနဲ့ တပ်ဆင်တာပါ”ဟု ကိုကျော်ဇင်က ဆိုသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအတွင်း အခွင့်ထူးခံ အာဏာရှင်စနစ် အလိုမရှိ၊ အခြေခံ ကျန်းမာရေးနှင့် မသက်ဆိုင်သူများကို ကျန်းမာရေးမှူး အမည်ပေးခြင်း ချက်ချင်းရပ်နှင့် လူမှန်နေရာမှန် ဖန်တီးပေး ဆိုသည့် စာတမ်းပါ ဗီနိုင်းနှင့် ဘုတ်ပြားများကို ကိုင်ဆောင်ကာ ရင်ဘတ်တွင် ဖဲကြိုးပြာ တပ်ဆင်၍ ကန့်ကွက်ဆန္ဒ ထုတ်ဖော်လျက် ရှိသည်။

ဇူလိုင်လအတွင်းက ကျန်းမာရေးမှူး လေးဆယ်ကျော်ကို အကျဉ်းဦးစီးဌာနသို့ တာဝန် လွှဲပြောင်းလိုက်ခြင်းနှင့် အခြေခံ ကျန်းမာရေး တက္ကသိုလ် (မကွေး) ကျောင်းဆင်းများကို ခန့်ထားလေ့ရှိသည့် ကျန်းမာရေးမှူး ရာထူးနေရာကို ကျောင်းလူမှုဆက်ဆံရေး မှူးများကို ရာထူး တိုးပေးလိုက်ခြင်းတို့အပေါ် ကျန်းမာရေးမှူးများက ဦးဆောင်ကာ အဆိုပါ လှုပ်ရှားမှု စတင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇူလိုင်လ အတွင်းကလည်း စစ်ဘက်ဆိုင်ရာ အရာရှိများကို ကျန်းမာရေး ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်ထားမှုများ ပြုခဲ့၍ ဆရာဝန်များက ဖဲကြိုးနက် လှုပ်ရှားမှုဖြင့် ကန့်ကွက်ခဲ့သည်။


  • VIA