News

POST TYPE

LOCAL

ရေကြီးနစ်မြှုပ်ရာ ဒေသများမှ ကယ်ဆယ်ရေး လုပ်ငန်းများ တပ်မတော် ရဟတ်ယာဉ်များ သုံးခွင့်ပြုမည်
05-Aug-2016 tagged as

နေပြည်တော်၊ သြဂုတ် ၅


မြန်မာနိုင်ငံအတွင်းရှိ ရေကြီးနစ်မြှုပ်ရာ ဒေသများတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ၊ အကူအညီပေးရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ တပ်မတော် ရဟတ်ယာဉ်၊ ရေယာဉ်များကို အကူအညီ တောင်းခံနိုင်ပြီး အသုံးပြုခွင့်ပြုမည် ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောသည်။


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနရုံးတွင် ပြုလုပ်သော အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးကို ယနေ့ ပြုလုပ်ခဲ့ရာတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။


တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ရှိသော တပ်ရင်းတပ်ဖွဲ့များ အနေဖြင့် ၎င်းတို့ အခြေစိုက်ရာ ဒေသများတွင် သဘာဝ ဘေးအန္တရယ်များ ဖြစ်ပွားလာပါက သက်ဆိုင်ရာ တပ်ရင်း အကြီးအကဲထံ သတင်းပို့ပြီး ပြည်သူများကို တိုက်ရိုက် ကူညီရန် ညွှန်ကြားထားကြောင်း ဝန်ကြီးက ဆိုသည်။


“သဘာဝဘေး ဖြစ်ပွားတာနဲ့ တစ်ပြိုင်နက် ဖြစ်ပွားရာ ဒေသမှာ အခြေစိုက်တဲ့ တပ်ရင်းတပ်ဖွဲ့တွေ အနေနဲ့ ကူညီပေးရေးကို အထက်အမိန့် စောင့်ဆိုင်း မနေဘဲ သတင်းပို့ပြီး ပြည်သူတွေကို တိုက်ရိုက် ကူညီကြဖို့ ညွှန်ကြားထားပါတယ်”ဟု ၎င်းက ဆိုသည်။


လတ်တလော မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ရေကြီး နစ်မြှုပ်မှုများအတွက် ကယ်ဆယ်ရေး၊ အကူအညီပေးရေး ပြုလုပ်နိုင်ရန် တပ်မတော်ရေမှ ဆေးရုံသဘောင်္ (၂) စီး၊ တပ်မတော် လေမှ ရဟတ်ယာဉ်များကို ကူညီပေးနိုင်ရန် စေလွှတ်ထားကြောင်း သိရသည်။


“မြန်မာနိုင်ငံရေကြီးနစ်မြှုပ်မှုတွေတိုင်းမှာ နောက်ဆုံးကနေ ခါးဆီးခံရတာကတော့ ဧရာဝတီတိုင်းပဲ ဖြစ်တဲ့အတွက် ဧရာဝတီတိုင်းမှာ ရေကြီးနစ်မြှုပ်မှု ဘေးအန္တရယ်ကနေ ကာကွယ်ရေး၊ ကယ်ဆယ်ရေး အစီအမံတွေကို တပ်မတော်နဲ့ လက်တွဲ ဆောင်ရွက်သွားမှာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီက အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။


သဘာဝ ဘေးအန္တရာယ်များ တားဆီး ကာကွယ်ရေးနှင့် ဘေးအန္တရယ် ဖြစ်ပွားမှုမှ လျော့ကျရေးအတွက် ပြုလုပ်သော အမျိုးသား သဘာဝဘေး အန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးကို အမျိုးသား သဘာဝ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးများ အပါအဝင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ တက်ရောက်ခဲ့သည်။


  • VIA
  • TAGS