News

POST TYPE

LOCAL

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်တွင် နှစ်နိုင်ငံ ဆန်ကုန်သွယ်မှု ဆွေးနွေးရန် တင်ပြထားဟုဆို
05-Aug-2016

ရန်ကုန်၊ သြဂုတ် ၅


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆန်ကုန်သွယ်မှု ကိစ္စများ ဆွေးနွေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တစ်ဆင့် တင်ပြထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

 

သြဂုတ်လလယ်တွင် သွားရောက်မည့် တရုတ်ခရီးစဉ်၌ နှစ်နိုင်ငံ တရားဝင် ဆန်တင်ပို့မှု သဘောတူစာချုပ်သစ် ချုပ်ဆိုရန်နှင့် တရားဝင် ဆန်တင်ပို့ရာတွင် အခွန်နှုန်း ကြီးမြင့်စွာ ကောက်ခံနေသည့် အချက်များကို ညှိနှိုင်းပေးရန် တင်ပြထားကြောင်း ၎င်းက ဆိုသည်။

 

“(ဆန်တင်ပို့မှု) တရားဝင်သွားရင် မြန်မာပြည်ကို အခွန်ကောက်တဲ့ ရာခိုင်နှုန်းက များတယ်။ ၃၇ ရာခိုင်နှုန်းလောက် ရှိတယ်။ အဲဒါကို လျှော့ချဖို့ စီးပွား/ကူးသန်းက တစ်ဆင့် တင်ပြထားတယ်”ဟု ၎င်းက ဆိုသည်။

 

ပြီးခဲ့သည့် နှစ်အတွင်း ချုပ်ဆိုခဲ့သည့် တရုတ်-မြန်မာ ဆန်တင်ပို့မှု စာချုပ်မှာလည်း သက်မှတ်ထားသည့် ဆန်တန်ချိန် ပမာဏ (တန်ချိန် ၂ သိန်း) တင်ပို့ခဲ့ပြီး ဖြစ်၍ စာချုပ်သစ် ထပ်မံ ချုပ်ဆိုရန် လိုအပ်လျက်ရှိသည်။

 

မြန်မာဆန်တင်ပို့မှု၏ ၈၀ ရာခိုင်နှုန်းခန့်သည် တရုတ်ဈေးကွက်သို့ အဓိက တင်ပို့ ရောင်းချနေသော်လည်း တရုတ်နိုင်ငံအနေဖြင့် တရားဝင် လမ်းကြောင်းများမှ လက်ခံဝယ်ယူမှု မရှိခြင်းကြောင့် အခက်အခဲများ ရှိကြောင်း ဆန်ကုန်သည်များက ဆိုသည်။

 

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်တွင် နှစ်နိုင်ငံ ဆန်ကုန်သွယ်မှု ကိစ္စရပ်များ  ထည့်သွင်းဆွေးနွေးရန် တင်ပြခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံ အနေဖြင့် တစ်နှစ်လျှင် ဆန်တင်ပို့မှု တန်ချိန် နှစ်သန်းအထိ ပြည်ပတင်ပို့ရန် ရည်မှန်းနေပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် စုစုပေါင်း ဆန်တန်ချိန် ၁ ဒသမ ၃ သန်းခန့်သာ တင်ပို့ထားနိုင်ကြောင်း စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

 

ယခုနှစ်တွင်လည်း ဆန်တင်ပို့မှု မြှင့်တင်ရန် စီစဉ်နေပြီး ဆန်ဈေးကွက်သစ်များ အနေနှင့် အင်ဒိုနီးရှားနှင့် ဆန်တန်ချိန် သုံးသိန်းတင်ပို့ရန် စာချုပ် ချုပ်ခြင်းနှင့် ဖိလစ်ပိုင်သို့ ဆန်တင်ပို့ရန် စီစဉ်ခြင်းများ ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။

 

လက်ရှိတွင် ပြည်ပသို့ ဆန်တန်ချိန် နှစ်သိန်းခွဲမှ သုံးသိန်းကြား တင်ပို့ထားပြီး ယခင် ဘဏ္ဍာနှစ်ကထက် တင်ပို့မှု လျှော့နည်းနေသည်။ 

  • VIA