News

POST TYPE

LOCAL

ရေကြီးမှုကြောင့် မိုးစပါးစိုက်ဧက နှစ်သောင်းခွဲခန့် ရေမြုပ်
05-Aug-2016 tagged as ရေ

ရန်ကုန်၊ ဩဂုတ် ၅

ယခုနှစ် ဇူလိုင်လ နှောင်းပိုင်းတွင် ဖြစ်ပွားခဲ့သည့် နိုင်ငံအနှံ့ ရေကြီး၊ ရေလွှမ်းမှုကြောင့် မိုးစပါး စိုက်ဧက နှစ်သောင်းခွဲခန့် ရေမြှုပ်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးရုံး (လယ်/ဆည်) မှ လက်ထောက်အတွင်းဝန် ဦးမျိုးတင့်ထွန်းက The Voice သို့ ပြောကြားသည်။

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ မိုးစပါးစိုက်ခင်းများ ရေလွှမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ပမာဏ ဧက နှစ်ထောင်ဝန်းကျင် ရှိကာ ရေပြန်လည်ကျဆင်းသည့် မိုးစပါး စိုက်ဧက တစ်သောင်းလေးထောင်ကျော် ရှိကြောင်း ၎င်းက ဆိုသည်။


“ဒီလတွေက မိုးများတဲ့လတွေ ဖြစ်တော့ (ပျက်စီးဆုံးရှုံး) တိုးလာဦးမယ်။ စားရင်းတွေ တောင်းထားတုန်းပါ” ဟု ၎င်းက ဆိုသည်။

ပျက်စီးဆုံးရှုံးမှုတွင် မိုးစပါး အဓိက စိုက်ပျိုးရာ ပဲခူးတိုင်းဒေသကြီးတွင် အများဆုံး ထိခိုက်ခဲ့ပြီး ပျက်စီးဆုံးရှုံးသော စိုက်ခင်းများအတွက် အရန်မျိုးစပါးများ ဖြန့်ဝေခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လယ်မြေများ ထွန်ယက်ပြင်ဆင်ရန်တို့ကို အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့အပြင် ပြီးခဲ့သည့်နှစ်တွင် ဖြစ်ပွားခဲ့သော ရေကြီး၊ ရေလွှမ်းမှု အတွေ့အကြုံပေါ် အခြေခံကာ မျိုးစပါး စုဆောင်းခြင်း၊ စိုက်ပျိုးရေး လုပ်ငန်းခွင့်သုံး စက်ယန္တယားများ အသင့်ပြင်ခြင်း၊ ကျွဲ၊ နွား တိရစ္ဆာန်များ ကျန်းမာရေး စောင့်ရှောက်ရန် ဆေးဝါးများ စုဆောင်းခြင်းများ ပြုလုပ်ထားကြောင်း ဝန်ကြီးရုံး (လယ်/ဆည်) ထံမှ သိရသည်။

လက်ရှိတွင် နိုင်ငံအဝန်းတွင် ရေဘေးဒဏ် ခံစားရသူပေါင်း တစ်သိန်းကျော်ရှိပြီး လူနေအိမ်ပေါင်း ၂၈၀၀၀ ကျော် ပြောင်းရွေ့ထားရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် ထိခိုက်နိုင်ခြေ အများဆုံး နိုင်ငံတစ်ခုဖြစ်ပြီး ဇူလိုင်လနှင့် ဩဂုတ်လများတွင် ရေကြီး၊ ရေလွှမ်းမှုဒဏ် ခံစားခဲ့ရလေ့ ရှိသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ရေကြီးရေလွှမ်းမှု သဘာဝဘေးကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လယ်ယာမြေဧက သန်းချီ ထိခိုက်ပျက်စီးခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးမှုကို အကြီးအကျယ် ထိခိုက်ခဲ့ကြောင်း အာရှဖွံဖြိုးမှုဘဏ် ADB ၏ မြန်မာ့စီးပွားရေး လေ့လာသုံးသပ်မှု အစီရင်ခံစာတွင် ဖော်ပြသည်။