News

POST TYPE

LOCAL

လာမည့်နှစ်တွင် ပဲတန်ချိန် ငါးသောင်း G to G စနစ်ဖြင့် အိန္ဒိယက ဝယ်ယူရန် ဆွေးနွေး
05-Aug-2016 tagged as ပဲ

ရန်ကုန်၊ သြဂုတ် ၎

မြန်မာ့ပဲမျိုးစုံကို နှစ်နိုင်ငံ အစိုးရချင်း ချိတ်ဆက်ဝယ်ယူသည့် စနစ် (G to G) ဖြင့် ၂၀၁၇ ခုနှစ်တွင် တန်ချိန် ငါးသောင်းခန့် ဝယ်ယူရန် အိန္ဒိယနိုင်ငံက ဆွေးနွေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

အိန္ဒိယအစိုးရက ၎င်းတို့၏ ပြည်တွင်း စားသုံးမှု လုံလောက်စေရန်နှင့် ဈေးကွက်ထိန်းချုပ်နိုင်ရန်အတွက် တရားဝင် ဝယ်ယူရန် ကမ်းလှမ်းနေခြင်း ဖြစ်ပြီး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရန် ညှိနှိုင်းဆဲပင် ရှိသေးကြောင်း ယင်းဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ထံမှ သိရသည်။ 

G to G စနစ်ဖြင့် ပဲဝယ်ယူရန် ပြီးခဲ့သည့် နှစ်လခန့်မှ စတင်၍ အိန္ဒိယက ကမ်းလှမ်းလာခြင်း ဖြစ်ပြီး ယခုနှစ်အတွင်း ပြည်တွင်းပဲအထွက်နှုန်း နည်းနေသောကြောင့် ၂၀၁၇ ခုနှစ်မှသာ ရောင်းချဖွယ်ရှိကာ မြန်မာအစိုးရက တရားဝင် ရောင်းချပေးရန် ကုမ္ပဏီ မရှိသဖြင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းကို ရောင်းချရန် တာဝန်ပေးထားကြောင်း မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 
“အိန္ဒိယဘက်က မတ်ပဲနဲ့ ပဲစင်းငုံပဲ အများဆုံး ဝယ်ယူဖို့ များပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုစနစ်ဖြင့် ရောင်းချရန် အိန္ဒိယဘက်က ကမ်းလှမ်းလာခြင်း ဖြစ်ပြီး ထိုသို့ ရောင်းချပေးရန် မြန်မာနိုင်ငံ အနေနှင့် အခက်အခဲများ ရှိနေကြောင်း၊ မြန်မာအစိုးရက စီးပွားရေး လုပ်ငန်းများကို ပုဂ္ဂလိကထံသို့ လွှဲပြောင်းထားခြင်းနှင့် ကုန်သည်များ အနေနှင့် ထိုသို့ ရောင်းချပေးမည် ဆိုပါက နှမ်းဈေး ငြိမ်သက်သွားနိုင်ခြင်းကြောင့် ရောင်းချလိုခြင်း မရှိနိုင်၍ အရောင်းအဝယ် ဖြစ်ပေါ်လာနိုင်ခြေ နည်းပါးကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဘဉာဏ်က ပြောကြားသည်။ 

၂၀၁၅-၁၆ ဘဏ္ဍာနှစ်က အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၇၁၂ သန်းရှိပြီး ပို့ကုန်တန်ဖိုးမှာ ဒေါ်လာ ၉၀၄ သန်းခန့် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်များအရ သိရသည်။