News

POST TYPE

LOCAL

ဂမ္ဘီယာသမၼတ ရွေးကောက်ပွဲနိုင်သူကို အာဏာလွှဲမပေး၊ အိမ်နီးချင်းနိုင်ငံများ စစ်ပြင်
20-Jan-2017

ဘန်ဂျူးလ်၊ ဇန်နဝါရီ ၁၉ 

ရွေးကောက်ပွဲရှုံး ဂမ်ဘီယာသမ္မတ ယာဟ်ယာဂျမား ရာထူးမှ ဆင်းမပေးပါက အိမ်နီးချင်း နိုင်ငံများက စစ်ရေးအရ ဝင်ရောက်စွက်ဖက်မည်ဟု ခြိမ်းခြောက်ထားသော်လည်း သတ်မှတ်ချိန် ကျော်လွန်သည်အထိ သမ္မတမှာ ရာထူးမှ ဆင်းပေးရန် ငြင်းဆန်နေဆဲဖြစ်ကြောင်း BBC သတင်းက ဖော်ပြသည်။

ဂျမားကို ပြီးခဲ့သည့်လ သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အဒါမာ ဘားရိုးမှာ ဇန်နဝါရီလ ၁၉  ရက်နေ့တွင် သမ္မတသစ်အဖြစ် ကျမ်းကျိန်ရမည် ဖြစ်သော်လည်း ဂျမားက ရာထူးမှ ဆင်းပေးရန်  ငြင်းဆန်နေဆဲ ဖြစ်သည်။

အာဏာလွှဲပြောင်းရေးအတွက် အနောက်အာဖရိက နိုင်ငံများက စစ်ပြင်ထားပြီး ဆီနီဂေါတပ်များမှာ ဂမ်ဘီယာ နယ်စပ်တွင် တပ်စွဲထားသည်ဟု သိရသည်။

မော်ရီတေးနီးယား သမ္မတ မိုဟာမက် အူလ်အက်ဘ်ဒယ်လ်အဇစ်သည် နောက်ဆုံးအကြိမ် ဂျမားနှင့် ဆွေးနွေးပြီး ပြေလည်စေရန် ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေခဲ့ပေ။

အဘ်ဒယ်လ်အဇစ်သည် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဂမ်ဘီယာမြို့တော် ဘန်ဂျူလ်၌ ဂျမားနှင့် တွေ့ဆုံပြီးနောက် ဒါကာသို့ လေယာဉ်ဖြင့် ပြန်လာကာ ရွေးကောက်ပွဲနိုင် ဘာရိုး၊ ဆီနီဂေါသမ္မတ မက်ကီဆောလ်တို့နှင့် ထပ်မံဆွေးနွေးခဲ့သည်။

“လူတိုင်းအတွက် အကောင်းဆုံး ဖြစ်နိုင်တဲ့ ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်း အလုပ်ဖြစ်မယ်လို့ ကျွန်တော်တော့ မထင်တော့ပါဘူး” ဟု မော်ရီတေးနီးယား သမ္မတက ပြောကြားသည်။

၁၈ ရက်နေ့ သန်းခေါင်ယံအကျော်တွင် ဂျမားဆင်းပေးရန် နောက်ဆုံးသတ်မှတ်ရက် ကုန်လွန်သွားပြီ ဖြစ်သည်။  

အသာတကြည် ရာထူးမှ ဆင်းမပေးပါက အင်အားသုံး အာဏာလွှဲပြောင်းရေးတွင် အနီးကပ်ဆုံး ဆီနီဂေါနိုင်ငံမှ တပ်များက တာဝန်ယူထားသော်လည်း ဒေသတွင်းရှိ နိုင်ဂျီးရီးယားနှင့် အခြားနိုင်ငံများကပါ  စစ်ရေးအစီအစဉ်ကို ထောက်ခံပေးထားသည်။

ဂမ်ဘီယာ စစ်ဦးစီးချုပ် အူစမန်ဘက် ဂျီကလည်း ဆီနီဂေါတပ်များ နိုင်ငံတွင်း ဝင်လာပါက သူ့တပ်များက တိုက်ခိုက်မည် မဟုတ်ကြောင်း အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။

“ကျွန်တော်တို့ စစ်ဘက်က ဝင်ပါမှာ မဟုတ်ပါဘူး။ ဒါက နိုင်ငံရေး အငြင်းပွားမှုပါ။ ဒီမိုက်မဲတဲ့တိုက်ပွဲမှာ ကျွန်တော့်စစ်သားတွေကို ဝင်ပါခိုင်းမှာ မဟုတ်ပါဘူး။ ကျွန်တော့် လူတွေကို ကျွန်တော်ချစ်ပါတယ်” ဟု ဘက်ဂျီက ပြောကြားသည်။

ဂျမားသည် ၁၉၉၄ ခုနှစ်တွင် အာဏာသိမ်းပြီး ကတည်းက ဂမ်ဘီယာနိုင်ငံကို အုပ်ချုပ်လာခဲ့ခြင်း ဖြစ်သည်။

၁၉ ရက်နေ့မှာ ဂျမား၏ သမ္မတသက်တမ်း နောက်ဆုံးနေ့ ဖြစ်သော်လည်း လွှတ်တော်က သူ့ကို သုံးလ ဆက်လက်ထမ်းဆောင်ခွင့် ပြုခဲ့သည်။
 
ရွေးကောက်ပွဲနိုင် ဘားရိုးမှာ အိမ်နီးချင်း ဆီနီဂေါနိုင်ငံသို့ ရောက်ရှိနေပြီး ၁၉ ရက်နေ့တွင် ဂမ်ဘီယာမြေပေါ်သို့ ပြန်လာကာ ကျမ်းကျိန်ရန် စီစဉ်ထားသည်။

မငြိမ်သက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သော ဂမ်ဘီယာ နိုင်ငံသား ၂၆,၀၀၀ ထက်မနည်း ယခုအပတ်အတွင်း ဆီနီဂေါနိုင်ငံတွင် ခိုလှုံခဲ့ကြသည်။

ဗြိတိန်နှင့် နယ်သာလန်နိုင်ငံမှ ထောင်နှင့်ချီသော ခရီးသွားများကိုလည်း အထူးစင်းလုံးငှား လေယာဉ်များဖြင့် အာဖရိက နိုင်ငံငယ်လေးမှ အရေးပေါ် ကယ်ထုတ်သွားပြီ ဖြစ်သည်။ 

ဂမ်ဘီယာသည် ဥရောပဒေသမှ လာရောက်အပန်းဖြေသူများ အကြား ရေပန်းစားသည့် နေရာတစ်ခုဖြစ်ပြီး အထူးသဖြင့် ဆောင်းရာသီတွင် လာရောက်လည်ပတ်သူ ပိုမိုများပြားသည်။

ဂျမားဘာကြောင့် ရာထူးက မဆင်းသလဲ ဂျမားကဘားရိုး၏ အောင်ပွဲကို အစောပိုင်းတွင် လက်ခံခဲ့သော်လည်း နောက်ပိုင်းတွင်မှ ဆင်းမပေးနိုင်ဟု ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲကာလအတွင်း မသမာမှုများ ရှိသည်ဟု ဆိုကာ  ငြိမ်းချမ်းပြီး တရားဥပဒေစိုးမိုးနိုင်ရန် အလို့ငှာ ရက် ၉၀ အရေးပေါ်အခြေအနေပါ ကြေညာခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်၏ အမှားအယွင်းများကြောင့် သူ့ကိုထောက်ခံသူများ မဲလာမပေးနိုင်ခဲ့ဟု ဂျမားက စွပ်စွဲခဲ့သည်။ ကော်မရှင်က အစောပိုင်း ထုတ်ပြန်သည့် ရလဒ်များတွင် အမှားအယွင်းအချို့ ရှိသည်ဟု လက်ခံခဲ့သော်လည်း ဘားရိုး၏ အနိုင်ရလဒ်ကို ပြောင်းလဲသွားစေနိုင်သည့် အခြေအနေမရှိဟု ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲသစ်များ မကျင်းပမီအထိ ရာထူးမှ ဆင်းပေးမည် မဟုတ်ဟု ဂျမားက ကြေညာထားသည်။

အဓိကအားဖြင့် သူအုပ်ချုပ်စဉ်ကာလ အတွင်း ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသော ပြစ်မှုများအတွက် ရာထူးမှ ဆင်းပေးရချိန်တွင် ရုံးတင်စစ်ဆေးခံရဖွယ် ရှိခြင်းကြောင့် ဆင်းမပေးဘဲ ငြင်းဆန်နေခြင်း ဖြစ်သည်။

ဘာ့ကြောင့် ဆီနီဂေါတပ်တွေ ပါဝင်လာသလဲ

ဆီနီဂေါနိုင်ငံမှာ ဂမ်ဘီယာနိုင်ငံ တစ်နိုင်ငံလုံး နီးပါးကို ငုံ၍ တည်ရှိသောကြောင့် ဆီနီဂေါ တပ်များကို အသုံးပြုရန် အနောက်အာဖရိက နိုင်ငံများ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အသိုင်းအဝိုင်း (အီကိုဝက်စ်) က ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သံတမန်နည်းဖြင့် ညှိနှိုင်းနိုင်ရန် အီကိုဝက်စ်က နောက်ဆုံးရက် သတ်မှတ်ပေးခဲ့ကြောင်း ဆီနီဂေါ စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး အဘ်ဒူအင်န်ဒီယာယီက ပြောကြားသည်။

“ဂမ်ဘီယာ အကျပ်အတည်းအတွက် သံတမန်ရေးအရ ဖြေရှင်းတဲ့နည်း ရှာမရရင်  သန်းခေါင်ကျော်တာနဲ့ လိုအပ်လာရင် ဝင်ရောက်စွက်ဖက်ဖို့ အီကိုဝက်စ်တပ်တွေ အသင့်ချထားတာ ဖြစ်ပါတယ်” ဟု အင်န်ဒီယာဒီက ပြောကြားသည်။

ဂမ်ဘီယာ၏ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးပေါင်းလျှင်ပင် အင်အား ၂၅၀၀ မျှသာရှိရာ ဒေသတွင်းသို့ တပ်ပေါင်းစု ဝင်ရောက်လာမည် ဆိုပါက ကာကွယ်နိုင်ခြေ မရှိပေ။ 

နိုင်ဂျီးရီးယားကလည်း တိုက်လေယာဉ်များနှင့် အခြားလေယာဉ်များ အပါအဝင် စစ်သည် ၂၀၀ ခန့်ကို စေလွှတ်ထားသည်ဟု သိရသည်။

အီကိုဝက်စ်သည် ဂျမားကို ဖယ်ရှားရန်အတွက် လိုအပ်သော နည်းလမ်းအားလုံး အသုံးပြုရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ထောက်ခံမှု ရရှိရန်လည်း ကြိုးပမ်းနေသည်ဟု သိရသည်။

F-03