News

POST TYPE

LOCAL

စလစ်ဈေး ကျပ်သိန်း ၁၀၀ ကျော်အထိ ပြန်မြင့်
05-Aug-2016
ရန်ကုန်၊ သြဂုတ် ၄

စက်မှုဇုန်ထုတ်ယာဉ်များ အပ်နှံပြီး အိမ်စီးယာဉ်များ တင်သွင်းခွင့် မပြုဟု ထုတ်ပြန်ပြီးနောက် ပြည်တွင်းမော်တော်ယာဉ် ဈေးကွက်တွင် စလစ်ဈေးများ ကျပ် သိန်း ၁၀၀ ကျော်အထိ မြင့်တက်လာသော်လည်း အဆိုပါ မူဝါဒကို ပြန်လည်ပြင်ဆင်သွားမည် မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရှိရသည်။

ယခင်က စလစ်ဈေး ကျပ်သိန်း ၈၀ ခန့် ရှိပါက စက်မှုဇုန်ထုတ် ယာဉ်များကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံပါက အိမ်စီးယာဉ်များ ပြန်လည်တင်သွင်းခွင့်ပြုမည် မဟုတ်ကြောင်း က.ည.နက ဇူလိုင်လ ၂၆ ရက်က ထုတ်ပြန်ပြီးနောက် စလစ်တစ်စောင်လျှင် ကျပ် ၁၀၀ သိန်းမှ ၁၀၅ သိန်းထိ မြင့်တက်လာကြောင်း ကားဝယ်ရောင်းဈေးကွက်ထံမှ သိရှိရသည်။

“တိုက်ကြေကားတွေမှာ ထရပ်ကား၊ ပစ်ကပ်ကားတွေ အပ်နှံတာတွေ များလာတဲ့အတွက် အခုလို ထုတ်ပြန်လိုက်တာပါ။ ခုထုတ်ပြန်ချက် မူဝါဒကြောင့် ကားဈေးကွက်မှာ စလစ်ဈေးတွေ သိန်း ၂၀ ကျော်လောက် မြင့်တက်ပေမယ့် ဒီထုတ်ပြန်ချက်ကို ပြန်ပြင်ဖို့ မရှိပါဘူး” ဟု က.ည.နမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စလစ်ဈေးကွက်တွင် ယာဉ်အိုယာဉ်ဟောင်းထက် စက်မှုဇုန်ထုတ်ယာဉ် စလစ်မှာ ပိုမိုများပြားလျက်ရှိပြီး ယခု ကဲ့သို့ က.ည.န၏ ထုတ်ပြန်ချက်သည် ပြည်တွင်းကားဈေးနှုန်း မြင့်တက်လာနိုင်ကြောင်း ကားဝယ်ရောင်း ဈေးကွက်ထံမှ စုံစမ်းသိရှိရသည်။

“အခုက ရန်ကုန်လိုင်စင်နဲ့ ကားတင်သွင်းတာကို အစိုးရက ရပ်ဆိုင်းထားတဲ့အတွက် ဖရီးပါမစ်ကားတွေ ရှားပြီး စလစ်ဈေးတွေက မြင့်တက်နေတယ်။ အခုလို က.ည.နက ထုတ်ပြန်လိုက်တော့ စလစ်ဈေးတွေ ပိုမြင့်လာတဲ့အပြင် ကားဈေးတွေလည်း ထပ်တက်လာနိုင်တယ်၊ အဲဒီလို မြင့်တက်လာတဲ့အတွက် အရောင်းအဝယ်အေးပြီး ကားဈေးကွက် ထိခိုက်နိုင်ပါတယ်” ဟု ကားဝယ်ရောင်း လုပ်ကိုင်သူ ကိုလွင်အောင်က ဆိုသည်။

စက်မှုဇုန်ထုတ် ယာဉ်များကို သက်တမ်း ၁၀ နှစ် ပြည့်ပါက က.ည.နက အပ်နှံခွင့် ပေးနေသော်လည်း စက်မှုဇုန်ထုတ်ယာဉ်များမှာ တိုက်ကြေများအဖြစ် လုပ်ကြံအပ်နှံမှု များလာသောကြောင့် က.ည.န မှ ယခုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။