News

POST TYPE

LOCAL

ခွဲခြားဆက်ဆံခြင်း မလုပ်ရန် ဆရာများကို ဒေါ်အောင်ဆန်းစုကြည် မှာကြား
05-Aug-2016
နေပြည်တော်၊ သြဂုတ် ၄

ဆရာ၊ ဆရာမများ အနေနှင့် မိမိ သား၊ သမီး တပည့်များအပေါ် ခွဲခြားဆက်ဆံ၊ ပညာသင်ကြားခြင်း မပြုရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းမှာကြားသည်။

သြဂုတ်လ ၄ ရက်က နေပြည်တော် အားကစားရွာတွင် ပြုလုပ်သည့် ဆရာအတတ်ပညာကဏ္ဍ နှီးနှောဖလှယ်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

မိမိငယ်စဉ်က ဆရာမတစ်ဦး တွေ့ခဲ့ဖူးရာ ၎င်းသည် ခွဲခြားဆက်ဆံမှု ရှိသောကြောင့် တစ်သက်လုံးတွင် ဆရာအများအပြား တွေ့ခဲ့ရသည့်အနက် ထိုဆရာမတစ်ဦးကို မလေးစားခဲ့ကြောင်း ၎င်းက ဆိုသည်။ 
“ဆရာ၊ ဆရာမကောင်းတွေဟာ မတော်တဲ့ ကျောင်းသားတွေကို ပိုပြီးတော့ ဂရုစိုက်ပေးဖို့ဟာ အရေးကြီးပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတစ်နိုင်ငံ၏ ဆင်းရဲ၊ ချမ်းသာမှုကို တိုင်းတာရာတွင် အဆင်းရဲဆုံး ပြည်သူများ၏ အခြေအနေဖြင့်သာ တိုင်းတာရမည် ဖြစ်သည်။

ထို့ကြောင့် ပညာရေးတွင်လည်း စာမတော်သည့် ကလေးများ၊ ကစားမက်သည့် ကလေးများကို သင်ယူလိုစိတ်ရှိရန် ပြောင်း၍ ဂရုတစိုက် သင်ကြားပေးရန် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

သင်ကြားပေးရာတွင်လည်း ပြဋ္ဌာန်းသင်ရိုးကို သာမက စိတ်ပိုင်းဆိုင်ရာ၊ အသိပညာပိုင်းဆိုင်ရာ၊ ဗဟုသုတပိုင်းဆိုင်ရာ များကိုလည်း ဦးစားပေးသင်ကြားရန် ၎င်းက တိုက်တွန်းသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရင့်ကျက်ပြီး အတွေ့အကြုံရှိ အရည်အသွေး မြင့်မားသည့် ဆရာများ မွေးထုတ်နိုင်ရန် စီမံချက်များ ရေးဆွဲ၊ ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

ဟိန္ဒူဒဿန တစ်ခုအရ မင်းအတိုင်ပင်ခံပုဂ္ဂိုလ်၊ ဆရာဝန်နှင့် ဆရာတို့သည် ကာလ၊ ဒေသအရ ထိမ်ချန်သည်မှလွဲ၍ ပြောသမျှတွင် မုသားမသုံးရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဆရာအတတ်ပညာကဏ္ဍ နှီးနှောဖလှယ်ပွဲတွင် ဆရာများ၏ အင်္ဂလိပ် ဘာသာစကား မြှင့်တင်ရေး၊ သင်ကြားရေးလိုင်စင် ထုတ်ပေးရေး၊ ပညာရေးကောလိပ် ၂ နှစ် သင်တန်းများကို ၄ နှစ်အဖြစ် ပြောင်းလဲရေး စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲသို့ သမ္မတ ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင်၊ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးကောလိပ် ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြသည်။