News

POST TYPE

LOCAL

သူငယ်တန်း သင်ရိုးသစ်ကို နားလည်သဘောပေါက်မှု ကယားဒေသက အနိမ့်ဆုံးဖြစ်
05-Aug-2016

နေပြည်တော်၊ ဩဂုတ် ၅

ယခုပညာသင်နှစ်မှ စတင်ကျင့်သုံးသည့် သူငယ်တန်း (KG) သင်ရိုးသစ် အကြောင်းအရာများ နားလည်သဘောပေါက်မှု အကဲဖြတ်ရာတွင် ကယားပြည်နယ်သည် အနိမ့်ဆုံးဖြစ်ကြောင်း ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွေနှောင်းသော်ထွန်းက ပြောကြားသည်။

ဩဂုတ် ၅ ရက်က နေပြည်တော် အားကစားရွာတွင် ပြုလုပ်သည့် ဆရာအတတ် ပညာကဏ္ဍ နှီးနှောဖလှယ်ပွဲတွင် သူငယ်တန်း (KG) ဆရာ၊ ဆရာမများ၏ သင်တန်းအပေါ် နားလည်သဘောပေါက်မှု လေ့လာဆန်းစစ်ချက် စာတမ်း တင်သွင်းရာတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

သူငယ်တန်း သင်ရိုးသစ်ပါ အကြောင်းအရာ ၂၄ ခုအပေါ် နားလည်သဘောပေါက်မှု ပျမ်းမျှကိန်းများ တွက်ချက်နှိုင်းယှဉ်ရာတွင် ပဲခူးအရှေ့က ပျမ်းမျှအဆင့် (၄ ဒသမ ၆၈၂၉) ဖြင့် နားလည်သဘောပေါက်မှု အများဆုံးဖြစ်ပြီး ကယားဒေသက ပျမ်းမျှအဆင့် (၄ ဒသမ ၁၄၂၇) ဖြင့် အန်မ့်ဆုံးဖြစ်ကြောင်း ဒေါ်နွေနှောင်းသော်ထွန်းက ပြောကြားသည်။

အဆိုပါ အကဲဖြတ်ချက်တွင် သူငယ်တန်း (KG) သင်ရိုးညွှန်းတမ်း၊ နယ်ပယ်အလိုက် သင်ယူမှု လုပ်ငန်းများ၊ ချဉ်းကပ်နည်း အထောက်အကူပြု ပစ္စည်းများနှင့် သင်ယူမှုဝန်းကျင်၊ ကလေးများ သင်ယူမှုနှင့် ဖွံ့ဖြိုးမှုကို စစ်ဆေးအကဲဖြတ်ခြင်း၊ သင်ယူမှုပုံစံများ သရုပ်ပြခြင်းနှင့် လက်တွေ့သင်ကြားခြင်း၊ အကူးအပြောင်းကာလ ချော့မွေ့စေရေး လုပ်ငန်းများ၊ အထွေထွေ အကြံပြုချက်များ ခေါင်းစဉ်ကြီး ခုနစ်ခု ပါဝင်ပြီး အကြောင်းအရာ ၂၄ ခု ပါဝင်သည်။