News

POST TYPE

LOCAL

သင်ကြားရေးလိုင်စင် သက်တမ်း ၅ နှစ်ထားရန် အဆိုပြုချက် အတည်မပြုသေး
05-Aug-2016 tagged as ဆရာ လိုင်စင်

ဆရာများ၏ သင်ကြားမှုစွမ်းရည် အကဲဖြတ်ရေးနှင့် သင်ကြားသင်ယူမှု တိုးတက်ရေး ထုတ်ပေးမည့် သင်ကြားရေးလိုင်စင် ဆရာလက်မှတ် သက်တမ်းကို ၅ နှစ် သက်မှတ်ရန် အဆိုပြုသော်လည်း အတည်မပြုသေးကြောင်း ပညာရေး ဝန်ထမ်းများထံမှ သိရှိရသည်။

ဩဂုတ်လ ၄ရက်က နေပြည်တော် အားကစားရွာတွင် ပြုလုပ်သည့် ဆရာအတတ် ပညာကဏ္ဍ နှီးနှောဖလှယ်ပွဲတွင် သင်ကြားရေးလိုင်စင် ထုတ်ပေးရေး တောင်ငူ ပညာရေးကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ငြိမ်းငြိမ်းက ယင်းသို့ အဆိုပြု စာတမ်းတင်သွင်းခြင်း ဖြစ်သည်။

လိုင်စင်သက်တမ်း ၅နှစ် သက်မှတ်ရခြင်းမှာ အချိန်ကာလ တိုတောင်းလျှင် ဆရာများ၏ စွမ်းဆောင်ရည် အကဲဖြတ်ရာ၌ အားနည်းချက် ရှိနိုင်ခြင်း၊ ကျောင်းသားများ၏ အရည်အချင်း တိုးတက်မှုရလဒ် စောင့်ကြည့်ရန် လိုအပ်ခြင်းကြောင့် ဖြစ်ကြောင်း ဒေါ်ငြိမ်းငြိမ်းက ဆိုသည်။
“သင်ကြားခွင့်လိုင်စင် လျှောက်ထားရာမှာ သင်ကြားတဲ့ အဆင့်အလိုက် ပြန်လည်မွမ်းမံနိုင်တဲ့ သင်တန်းတွေ အရည်အချင်း ပြည့်မီအောင် လေ့ကျင့်ထားပြီး ခိုင်မာမှုရှိတဲ့ စစ်ဆေးနည်းတွေကို ရင်ဆိုင်နိုင်ဖို့ အချိန်ကာလရရှိဖို့ လိုအပ်ပါတယ်” ဟု ဒေါ်ငြိမ်းငြိမ်းက ပြောကြားသည်။

သင်ကြားခွင့်လိုင်စင်ကို တက္ကသိုလ်တစ်ခုခုက ဘွဲ့ရပြီး ပညာရေး ဒီပလိုမာလက်မှတ် သို့မဟုတ် ပညာရေး ဘွဲ့လက်မှတ် ကိုင်ဆောင်ထားသူများ လျှောက်ထားနိုင်ရန် အဆိုပြုထားသည်။

ထို့ပြင် လုပ်ငန်းခွင်ဝင်ပြီး ဆရာများအတွက် အနည်းဆုံးလုပ်သက် တစ်နှစ်ရှိသူ၊ ပြင်ပမှဖြစ်စေ၊ လုပ်ငန်းခွင်အတွင်းမှဖြစ်စေ လျှောက်ထားသူသည် ရေးဖြေ၊ နှုတ်ဖြေနှင့် သင်ကြားမှုဆိုင်ရာ လက်တွေ့ စာမေးပွဲ အောင်မြင်သူ ဖြစ်ရန် သတ်မှတ်သည်။

သို့သော် လိုင်စင်စာမေးပွဲ တစ်ကြိမ်ဖြေပြီး မအောင်မြင်လျှင် အရည်အသွေးကို ကြိုးစားလေ့လာ ဖြည့်ဆည်းပြီးလျှင် ထပ်မံဖြေဆိုခွင့်ရှိမည် ဖြစ်ကြောင်း ဒေါ်ငြိမ်းငြိမ်းက အဆိုပြုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အခြေခံပညာဦးစီးဌာန ဦးစီးအရာရှိ ဦးငွေတိုးက “ဒီမူဝါဒတွေက အမျိုးသားပညာရေး ဥပဒေအရ အမျိုးသားပညာရေး မူဝါဒေ က်ာမရှင်ကသာ ဆောင်ရွက်ရမှာ ဖြစ်တယ်။ ကော်မရှင်ကလည်း မဖွဲ့ရသေးဘူး။ အဲဒါကြောင့် ပြန်လည်သုံးသပ်ဖို့ ဆွေးနွေးပါတယ်” ဟု ပြောကြားသည်။

သင်ကြားရေးလိုင်စင် ထုတ်ပေးခြင်းဖြင့် ဆရာများ ဘာသာရပ်နယ်ပယ် ကျွမ်းကျင်မှု ရှိလာခြင်း၊ အားထားရသည့် နိုင်ငံ့ဝန်ထမ်း ဖြစ်လာခြင်း၊ ၅နှစ် သတ်မှတ်သည့်အတွက် ဆရာများ အနေနှင့် သင်ကြားမှု တိုးတက်အောင် ဆောင်ရွက်ခြင်း စသည့် အကျိုးရလဒ် ဖြစ်စေမည် ဖြစ်ကြောင်း စာတမ်းတင်သွင်းသူ ဒေါ်ငြိမ်းငြိမ်းက ဆိုသည်။

သင်ကြားရေးလိုင်စင် ထုတ်ပေးရေး ကိစ္စနှင့် ပတ်သက်၍ စာတမ်းတင်သွင်း အဆိုပြုသူက အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဟောင်ကောင်၊ စင်ကာပူ၊ ဂျပန်၊ နယူးဇီလန်၊ ဩစတြေးလျနှင့် ထိုင်းနိုင်ငံတွင် ကျင့်သုံးသည့် စနစ်များနှင့် နှိုင်းယှဉ်ပြောကြားခဲ့သည်။