News

POST TYPE

LOCAL

BRT-Lite ယာဉ်လမ်းကြောင်း ၃ ကို ယခုတစ်ပတ်အတွင်း ပြေးဆွဲမည်
04-Aug-2016
ရန်ကုန်၊ သြဂုတ် ၄

BRT-Lite ယာဉ်လိုင်းတွင် လမ်း ကြောင်း ၃ အဖြစ် ထောက်ကြန့်-အင်းစိန်- မြောက်ဥက္ကလာကို ယခုတစ်ပတ်အတွင်း ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ YBPC ထံမှ သိရသည်။

''ခွင့်ပြုချက်က ရပြီးနေပြီ။ ပြေးဆွဲဖို့ အဆင်ပြေမယ့်အချိန်ကို စောင့်နေတာ။ သြဂုတ်လ ၇ ရက် ပြေးဆွဲ ဖြစ်မယ်လို့ လျာထားတယ်။ သေချာတာ အခုတစ်ပတ်အတွင်း ပြေးဆွဲမယ်''ဟု ရန်ကုန်ဘတ်စ် ကားအများပိုင် ကုမ္ပဏီ YBPC တာဝန်ရှိသူက ဆိုသည်။

လမ်းကြောင်း ၃ကို အမြန်ဆုံး ပြေးဆွဲပေးနိုင်ရန် ယာယီ မှတ်တိုင်ကို ပထမအဆင့်အနေနှင့် ဆောင်ရွက်ထားပြီး အသွားအပြန် မှတ်တိုင် ၃၈ ခုရှိကြောင်း ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီYBPC ထံမှ သိရသည်။

''မြောက်ဥက္ကလာမှာနေတဲ့ ခရီးသည် ပြည်သူတွေက တောင်းဆိုလို့ စီစဉ်လိုက်တာပါ။ အမြန် စီစဉ်ရတာ ဖြစ်တဲ့အတွက် မှတ်တိုင်ကို ယာယီအဖြစ်ပဲ လုပ်ထားနိုင်တယ်။ မှတ်တိုင် တစ်ခု ပြုလုပ်တာက အချိန် ပေးရတယ်။ နောက်ပိုင်း အပြီးသတ် ဆောက်မယ်''ဟု ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီ YBPC ဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က ဆိုသည်။

BRT-Lite ယာဉ်လမ်းကြောင်း (၃) ကို ယာဉ်စီးရေ ၂ဝ စီးခန့်ဖြင့် အမှတ်(၃)လမ်းမကြီး၊ သင်္ဃန်းကျွန်း၊ ပုလဲလမ်း၊ ခရေပင်လမ်းဆုံ၊ စုပေါင်းရုံး၊ အောင်မင်္ဂလာ  အဝေးပြေး၊ ၆ ကွေ့၊ သုနန္ဒာလမ်းဆုံ၊ ကမ္ဘာ အေးဘုရားလမ်း၊ ကုက္ကိုင်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကုလားကျောင်း၊ ကြို့ကုန်း၊ အင်းစိန်ပန်းခြံ၊ ဖော့ကန်၊ အောင်ဆန်း၊ တညင်းကုန်း လမ်းဆုံတွင် ပြေးဆွဲမည်ဖြစ်သည်။

လက်ရှိတွင် BRT-Lite ယာဉ်လမ်းကြောင်း(၁) မှာ ယာဉ်စီးရေ ၁၈ စီးဖြင့် အမှတ်(၁)လမ်းမကြီး၊ ပြည်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကမ္ဘာအေး ဘုရားလမ်းတွင် ပြေးဆွဲပြီး မှတ်တိုင် ၂၃ ခု၊ လမ်းကြောင်း (၂) မှာ ယာဉ်စီးရေ ၂၇ စီး ဖြင့် အမှတ်(၁)လမ်းမကြီး၊ ပြည်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင် ဘုရားလမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ ကမ်းနားလမ်း၊ ဘုန်းကြီးလမ်းတွင် ပြေးဆွဲကာ မှတ်တိုင် ၂၇ ခုရှိသည်။

BRT-Lite မော်တော်ယာဉ်သည် လက်ရှိတွင် လမ်းကြောင်း (၁) နှင့် (၂)ကို စီးရေ ၄၅ စီးဖြင့် ခရီးသည် ပို့ဆောင်လျက် ရှိပြီး ယာဉ်စီးရေ ၆၅ စီး ရှိရာမှ Daewoo ဘတ်စ်ကား ၁၅ စီး ထပ်မံ တိုးလာသည်။



  • VIA