News

POST TYPE

LOCAL

ရန်ကုန်၌ ဘတ်စ်ကား အသစ်များ ဝယ်ရန် ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ကူညီမည်ဟုဆို
04-Aug-2016
ရန်ကုန်၊ သြဂုတ်၄

ခရီးသည်တင် ယာဉ်အသစ် လဲလှယ်လိုသည့် ခရီးသည်တင် ယာဉ်ဟောင်းပိုင်ရှင်များကို အဆင်ပြေစွာ ဝယ်ယူနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ကူညီမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

''ကားအို ကားဟောင်း လဲပေးဖို့ အစီအစဉ် ဆွဲနေတယ်။ အတိုးနှုန်းလည်း သက်သာရမယ်။ အလုံးအရင်း မဝယ်နိုင်တဲ့ ယာဉ်ပိုင်ရှင်တွေကို ဘဏ်တွေနဲ့ ချိတ်ဆက်ပေးမယ်။ စတင် ပေးချေနိုင်တဲ့ ငွေကြေးအပေါ် မူတည်ပြီး သုံးနှစ်၊ ငါးနှစ် အရစ်ကျ ဝယ်နိုင်အောင် ဆောင်ရွက်ပေးမယ်'' ဟု သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

အခြေအနေ ဆိုးရွာသည့် မော်တော်ယာဉ် အဟောင်းများကို ရန်ကုန်တိုင်းတွင် ခရီးသည်တင် ယာဉ်လိုင်းအဖြစ် ပြေးဆွဲခွင့် မပြုဘဲ အဆိုပါယာဉ်များကို နယ်ကို ထုတ်ရောင်းရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

''ဥပဓိရုပ် မကောင်းတဲ့ ကားတွေကိုအများပိုင်မှာ အထည့်မခံဘူး။ ပြောင်းလဲနေတဲ့ ကာလအတွင်းမှာ လမ်းတိုတွေမှာတော့ ပြေးဆွဲခွင့်ပြုထားမယ်။ အဓိက လမ်းမကြီးတွေမှာ ပြေးဆွဲခွင့် မရှိဘူး''ဟု ၎င်းက ဆိုသည်။

(ခ) လိုင်စင်ရှိ မော်တော်ယာဉ်များကို နယ်ကို ပို့ဆောင်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး အဆိုပါ သတင်းသည် မမှန်ကန်ကြောင်း၊ ယခင်က ခွင့်မပြုသည့် (ခ) လိုင်စင် ကိုင်ဆောင်ထားသော ခရီးသည်တင် ယာဉ်များကို နယ်ကို ထုတ်ရောင်းခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှသိရသည်။

''ပို့ပစ်မယ် မဟုတ်ဘူး။ ထုတ် ရောင်းချင်ရင် ရောင်းခွင့်ပြုတယ်လို့ ပြောတာပါ။ ဒီမှာပဲ လုပ်ချင်သေးတယ်ဆိုရင် ပြေးလို့ ရသေးတယ်။ မဖြစ်မနေ ပို့ရမယ် မဟုတ်ဘူး''ဟု ဒေါက်တာမောင်အောင်က ဆိုသည်။

ခရီးသွား ပြည်သူများကို သယ်ယူ ပို့ဆောင်နေသည့် ဘတ်စ်ကားစနစ် တစ်ခုလုံးကို လုံးဝ ပြောင်းလဲမည်ဖြစ်ပြီး လက်ရှိတွင် တစ်ဦးတည်းပိုင် ယာဉ်ပိုင်ရှင် များနေကြောင်း၊ ယာဉ်ကြံ့ခိုင်မှု အားနည်းကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယာဉ် တစ်စီး၊ နှစ်စီး ပိုင်ဆိုင်သည့် ယာဉ်ပိုင်ရှင်များ မနစ်နာအောင် မကြာခင် ကားမော်ဒယ်လ် အနိမ့်ဆုံးကို ဆုံးဖြတ်ပေးမည်ဖြစ်ပြီး ယာဉ်၏ ကြံ့ခိုင်မှုကို ဦးစားပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှသိရသည်။

ယာဉ်အစီးရေ နည်းပါးနေသည့် ယာဉ်ပိုင်ရှင်များ၊ တစ်ဦးတည်းပိုင် လုပ်ငန်းရှင်များအတွက် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အနေ နှင့် အလေးထား ဆောင်ရွက်ပေးသင့်ပြီး ဖြစ်နိုင်ခြေရှိမည့် ယာဉ်မော်ဒယ်လ်ကို သတ်မှတ်သင့်ကြောင်း၊ ယာဉ်အသစ်ဝယ်ယူနိုင်ရန် အမှန်တကယ် ကူညီ ဆောင်ရွက်ပေးသင့်ကြောင်း၊ လက်ရှိတွင် အာဏာပိုင်အဖွဲ့ အနေနှင့် လုပ်ဆောင်ချက် တစ်စုံတစ်ရာ ချပြခြင်း မရှိသေးကြောင်း ယာဉ်ပိုင်ရှင်များထံမှ သိရသည်။


  • VIA