POST TYPE

LOCAL

ထိုင်းရောက် မြန်မာ ခုနစ်သိန်းကျော်ကို ထောက်ခံချက်လက်မှတ် ထုတ်ပေးမည်
10-Jan-2017 tagged as

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ထိုင်းနိုင်ငံ အစိုးရက ထုတ်ပေးသည့် ယာယီ နေထိုင်ခွင့် လက်မှတ် (ပန်းရောင် ဘတ်ကတ်)ဖြင့် နေထိုင်သော မြန်မာလူမျိုး ခုနစ်သိန်းကျော်ကို မည်သူမည်ဝါ ဖြစ်ကြောင်း ထောက်ခံချက် CI (Certificate of Identity) လက်မှတ် များကို ယခုလအတွင်း ထုတ်ပေးနိုင်ရန် စီစဉ်ထားကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံရှိ ပန်းရောင်ဘတ်ကတ် ကိုင်ဆောင်သော မြန်မာလူမျိုးများကို မည်သူမည်ဝါ ဖြစ်ကြောင်း ထောက်ခံချက် CI လက်မှတ် ထုတ်ပေးနိုင်ရန် ထိုင်းနိုင်ငံ အစိုးရ တာဝန်ရှိသူများနှင့် ဇန်နဝါရီလ ဒုတိယအပတ်အတွင်း တွေ့ဆုံ၍ အသေးစိတ် အချက်အလက်များကို ညှိနှိုင်းကာ သဘောတူ လက်မှတ် ရေးထိုးရန် စီစဉ်ထားကြောင်း ၀န်ကြီးဌာနရှိ အဆင့်မြင့် အရာထမ်းက ဆိုသည်။

“လုပ်စရာတွေ နည်းနည်း ကျန်နေသေးလို့ လုပ်ငန်းစဉ်က မစနိုင်သေးတာပါ။ ဒီလအတွင်းမှာ စနိုင်ဖို့ စီစဉ်ထားတယ်။ ၀န်ဆောင်မှုပေးမယ့် ကုမ္ပဏီနဲ့တော့ ဒီရက်ပိုင်း လက်မှတ်ထိုးမှာပါ။ ထုတ်ပေးမယ့် လုပ်ငန်းစဉ်အတွက် ကြာချိန်ကိုကတော့ အတိအကျ ပြောလို့ မရသေးဘူး”ဟု အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ ရွှေ့ပြောင်း အလုပ်သမားရေး ဌာနခွဲမှ အရာထမ်းက ဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ အစိုးရက CI လက်မှတ်များ ထုတ်ပေးရေး စခန်းများကို ထိုင်းနိုင်ငံ အတွင်းရှိ မြန်မာနိုင်ငံသားများ နေထိုင်သည့် မဲဆောက်၊ မယ်ဆိုင်၊ ရနောင်း၊ မဟာချိုင်နှင့် စမုပရာကန် စသည့် မြို့နယ်များတွင် ဖွင့်လှစ်ခွင့်ပြုထားပြီး ဖြစ်သည်။

ထိုင်းနိုင်ငံအစိုးရမှ ပေးပို့ထားသော စာရင်းများအရ ယာယီ နေထိုင်ခွင့် လက်မှတ် (ပန်းရောင်ဘတ်ကတ်) ကိုင်ဆောင် ထားသော မြန်မာလုပ်သား ခုနစ်သိန်း ခြောက်သောင်းကျော် ရှိကြောင်း၊ CI လက်မှတ်များကို လျှောက်ထားရာတွင် တစ်ဦးလျှင် ဘတ်သုံးရာနှုန်းဖြင့် သတ်မှတ်ထားကြောင်းနှင့် အဆိုပါ မြန်မာများ အနေနှင့် Selven – Eleven ကောင်တာများတွင် ငွေသွင်းရမည်ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနထံမှ သိရသည်။

“အကယ်၍ စီအိုင် ရရင်တော့ အလုပ်သမားတွေ လွတ်လွတ်လပ်လပ် သွားလို့ လာလို့ ရနိုင်တယ်။ အခုက အထောက်အထား တစ်ခုခု မပြနိုင်ရင် အလုပ်သမား အခွင့်အရေးတွေမှာ ခေါင်းပုံဖြတ်တာတို့ ဖမ်းဆီးတာတို့ ရှိတယ်”ဟု ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးစိန်ဌေးက ဆိုသည်။

စီအိုင်လက်မှတ်များ၏ သက်တမ်းမှာ လေးနှစ်ဖြစ်ပြီး အဆိုပါ ကတ်ကိုင်ဆောင်ထားသူများ အနေနှင့် ယာယီနိုင်ငံကူး လက်မှတ်ကဲ့သို့ အသုံးပြုနိုင်မည်ဖြစ်သည်။

မြန်မာအစိုးရက လက်ရှိတွင် စီအိုင် လက်မှတ်များကို ထိုင်းအစိုးရက စာရင်း ပေးပို့ထားသည့် စာရင်းများအရ ရေလုပ်ငန်းများရှိ လုပ်သား သုံးသိန်းကျော်နှင့် ရေလုပ်ငန်း မဟုတ်သည့် လုပ်ငန်းများမှ လေးသိန်းကျော်တို့ကိုသာ ထုတ်ပေးမည်ဖြစ်ပြီး အထောက်အထား မပြနိုင်သည့် တရားမ၀င် လုပ်သားများအတွက် ပါဝင်နိုင်မည် မဟုတ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနထံမှ သိရသည်။

ထိုင်းနိုင်ငံတွင် တရားမ၀င် မြန်မာ လုပ်သား ငါးသိန်းကျော် ရှိနေပြီး ပတ်စပို့ ကိုင်ဆောင်သော လုပ်သား နှစ်သန်းခွဲ ကျော်နှင့် ဘတ်ကတ် ကိုင်ဆောင်သော ခုနစ်သိန်းခွဲကျော် အပါအ၀င် ရွှေ့ပြောင်း မြန်မာလုပ်သား စုစုပေါင်း သုံးသန်းခွဲကျော် ရှိနေကြောင်း ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်ထံမှ သိရသည်။

J-14

  • TAGS