News

POST TYPE

LOCAL

ဘူတန်မယ်တော်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် လာမည့်အပတ်တွင် ပုဂံသို့ သွားမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၀

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် အပတ်အတွင်း ရှေးဟောင်း ပုဂံယဉ်ကျေးမှုမြို့တော်သို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။

ဘူတန်နိုင်ငံ ဘုရင့်မိဖုရား၏ မယ်တော်ကြီးသည် မြန်မာနိုင်ငံသို့ ယခုလ တတိယပတ်ထဲတွင် လာရောက်လည်ပတ်မည် ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်က ယင်းမယ်တော်ကြီးကို ရှေးဟောင်း ပုဂံမြို့တော်သို့ အလည်အပတ်အဖြစ် လိုက်လံ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးအေးစိုးက ပြောသည်။

“ဘူတန်ဘုရင်မင်းမြတ်ကြီးရဲ့ မယ်တော်နဲ့ သူ့မိသားစုက ဒီကိုလာပြီး လည်တာ၊ မယ်တော်ကြီးနဲ့ State Counceller(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်)နဲ့က အရမ်းခင်တာ။ ဒါကြောင့် ပုဂံကိုအတူ သွားလည်ကြမှာ”ဟု ၎င်းက ဆိုသည်။

မယ်တော်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ပုဂံဒေသ တစ်ခုကိုသာ လိုက်လံ ပို့ဆောင်ပေးမည် ဖြစ်ပြီး ယင်းနောက် မယ်တော်ကြီးနှင့် အဖွဲ့သည် မန္တလေးမြို့သို့ ဆက်လက် သွားရောက် လည်ပတ်ကြမည်ဖြစ်ကြောင်း၊ ခရီးစဉ် သုံးရက် ကြာမြင့်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

ယခုခရီးစဉ်သည် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပုဂံဒေသရှိ စေတီပုထိုးများသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် သွားရောက် ကြည့်ရှုခြင်းဖြစ်သည်။

J-09