News

POST TYPE

LOCAL

စာအုပ်လမ်းတွင် အမှတ်တရ ပစ္စည်းဆိုင်များ ဖွင့်ခွင့်ပြုမည်
09-Jan-2017 tagged as စာအုပ်


ရန်ကုန်၊ ဇန်န၀ါရီ  ၉

ရန်ကုန်မြို့ သိမ်ဖြူလမ်းတွင် ပထမဆုံး ဖွင့်လှစ်သည့် စာအုပ်ဈေးတန်း၌ လူငယ်များနှင့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို ပိုမို ဆွဲဆောင်စေနိုင်မည့် ယဉ်ကျေးမှု အမှတ်တရ ပစ္စည်းဆိုင်များနှင့် အအေးဆိုင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနထံမှ သိရသည်။ 

ရန်ကုန် စာအုပ်ဈေးတန်းတွင် မြန်မာ့ ယဉ်ကျေးမှု အမှတ်တရဆိုင် သုံးလေးဆိုင်ခန့်ကို ဖွင့်လှစ်ပေးမည်ဖြစ်ပြီး အဆိုပါဆိုင်များတွင် မြန်မာ့ယဉ်ကျေးမှု လက်မှုပညာ ပစ္စည်းများ၊ ပန်းချီကားများ၊ ရှေးဟောင်း ပစ္စည်းများတို့ကို ရောင်းချပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်အောင်က ပြောကြားသည်။

“လူငယ်တွေရော၊ နိုင်ငံခြားသားတွေရော၊ စာအုပ်ဈေးတန်းလာတဲ့အခါ မြန်မာ့ယဉ်ကျေးမှု အနုပညာလက်ရာ ပစ္စည်းကို သိရှိပြီး အမှတ်တရ ပစ္စည်းတွေလည်း ၀ယ်ယူလို့ ရနိုင်အောင် ဖွင့်လှစ်ပေးတာပါ။ စာအုပ်တန်းမှာ လာဝယ်တဲ့သူတွေ သောက်သုံးနိုင်ဖို့ စီးပွားဖြစ် မဟုတ်ဘဲ ဈေးနှုန်း ချိုသာစွာနဲ့ အနားယူ သောက်သုံးနိုင်ဖို့ အအေးဆိုင်ကိုလည်း ဖွင့်လှစ်ပေးမှာပါ”ဟု ၎င်းက ဆိုသည်။

စာအုပ် အရောင်းဆိုင် တစ်ရာကျော် ပါဝင်သည့် စာအုပ်ဈေးတန်းကို ယခုလ ဇန်န၀ါရီလ ၇ ရက်မှ စတင် ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနထံမှ သိရသည်။

သိမ်ဖြူလမ်းရှိ ၀န်ကြီးများရုံးနှင့် ဗဟိုပုံနှိပ်စက်ရုံရှေ့ရှိ စာအုပ်ဈေးတန်း နေရာတွင် ဖွင့်လှစ် ရောင်းချသည့် ဆိုင်ခန်း တစ်ခန်းကို တစ်ရက်လျှင် ကျပ် ၆၀၀၀ ကျပ် ပေးဆောင်ရပြီး စာအုပ်အသစ်၊ စာအုပ် ကဏ္ဍမျိုးစုံကို လျှော့ဈေးများဖြင့် ရောင်းချပေးလျက် ရှိသည်။

“ရုံးပိတ်ရက်မှာ လိုချင်တဲ့ စာအုပ်ကို တစ်နေရာတည်းမှာ ၀ယ်ယူနိုင်တဲ့အပြင် စာအုပ်အသစ် ယူမလား၊ အဟောင်းတန်းမှာ လိုချင်တာကို ရှာမလား စိတ်ကြိုက် ၀ယ်ယူခွင့် ရတဲ့အတွက် စာပေဖတ်ရှုသူတွေ ပိုများလာနိုင်ပါတယ်။ ကလေးတွေလည်း စာပေ ဖတ်ချင်စိတ်တွေ ပိုများလာမယ်”ဟု လသာမြို့နယ်နေ ကုမ္ပဏီ ၀န်ထမ်း ဦးကိုကိုအောင်က ဆိုသည်။

J-10