POST TYPE

LOCAL

အလုပ်သမားစာရင်း တစ်နိုင်ငံလုံးတွင် စတင် ကောက်ယူ
09-Jan-2017 tagged as အလုပ်သမား

ရန်ကုန်၊ ဇန်န၀ါရီ ၉

မြန်မာနိုင်ငံရှိ လူဦးရေထဲမှ အလုပ်ခွင်အသီးသီးသို့ ၀င်ရောက်နေသော အလုပ်သမား အရေအတွက်ကို တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက် စတင် ကောက်ယူနေကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ အလုပ် လုပ်ကိုင်နိုင်သော လူဦးရေ၊ အလုပ်လက်မဲ့ လူဦးရေ၊ အလုပ် ရှိနေသော လူဦးရေများကို တစ်နှစ်လျှင် နှစ်ကြိမ်နှုန်းဖြင့် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလမှ မတ်လအထိလည်းကောင်း၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိလည်းကောင်း ကောက်ယူမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“လက်ရှိ လုပ်သားအင်အား စာရင်းကို တိတိကျကျသိရင် နိုင်ငံရဲ့ပရောဂျက် တွေကို အကောင်အထည်ဖော်တဲ့ နေရာ မှာ အထောက်အကူဖြစ်စေတယ်။ နိုင်ငံမှာ အလုပ် လုပ်နိုင်တဲ့ လူဦးရေနဲ့ အသက် အရွယ်တွေစတဲ့ စာရင်းတွေ ပါမယ်”ဟု ဦးမျိုးအောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် အလုပ် လုပ်ကိုင်နိုင်သော အသက်အရွယ်ကို အသက် ၁၅ နှစ်မှ ၅၉ နှစ်အထိ သတ်မှတ် ကောက်ယူခြင်း ဖြစ်ပြီး ထိုသို့ လုပ်သားစာရင်း ကောက်ယူခြင်းကို တစ်နိုင်ငံလုံးရှိ မြို့နယ် အလုပ်သမားရုံးများမှ တစ်ဆင့် တစ်ပြိုင်နက် စတင် ကောက်ယူနေခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင် စာရင်းအရ နိုင်ငံ၏ အလုပ်လက်မဲ့ စာရင်းကို ထုတ်ပြန်ခဲ့ရာတွင် လေးရာခိုင်နှုန်းဟု ထုတ်ပြန်ခဲ့ပြီး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ပြန်လည် ကောက်ယူခဲ့ရာတွင် ယခင်စာရင်းနှင့် ၀ ဒသမ ၈ ခိုင်နှုန်းအဖြစ် ကွာဟမှုရှိခဲ့ပြီး  အလုပ်အကိုင် ရှာဖွေနေသူ စာရင်းအဖြစ် ကောက်ယူခဲ့ရာတွင် ၆ ဒသမ ၉ အဖြစ် စာရင်း ရရှိခဲ့ကြောင်း ဦးမျိုးအောင်က ဆိုသည်။

မြန်မာနိုင်ငံ ပြည်လုံးကျွတ် သန်းခေါင်းစာရင်းအဖွဲ့က နိုင်ငံလုပ်သားစာရင်း ကောက်ယူခဲ့ရာတွင် ၃၃ သန်းအထိ ရှိခဲ့ပြီး အဆိုပါ အချက်အလက်ကို မှန်ကန်မှု ရှိ၊ မရှိ သိရှိစေရန် ၀န်ကြီးဌာနက ပြန်လည် ကောက်ယူနေခြင်း ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနထံမှ သိရသည်။

J-14