News

POST TYPE

LOCAL

တမန်တော်နေ့ အခမ်းအနား မူလအစီအစဉ်ပါ သုံးဦး တရားမဟောဖြစ်
08-Jan-2017 tagged as

ရန်ကုန်၊ ဇန်န၀ါရီ  ၈

ဗိုလ်တထောင်မြို့နယ်ရှိ YMCA ခန်းမတွင် ဇန်န၀ါရီ ၈ ရက်နေ့ မွန်းလွဲပိုင်းက (၁၄၉၁) ကြိမ်မြောက် တမန်တော်နေ့ အထိမ်းအမှတ် အခမ်းအနား (တမန်တော် မိုဟာမက်၏ ဖွားတော်မူသောနေ့) ငြိမ်းချမ်းစွာ ကျင်းပပြီးဆုံးခဲ့ကြောင်း အဆိုပါ အခမ်းအနား ကျင်းပရေး ကော်မတီထံမှ သိရသည်။

တမန်တော်နေ့ အခမ်းအနား ကျင်းပမှုကို မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့  ဒီဇင်ဘာလအတွင်းက ကန့်ကွက်စာ တင်သွင်းခဲ့မှုများ ပြုလုပ်ခဲ့ပြီး ယနေ့ အခမ်းအနား ကျင်းပရာသို့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂအဖွဲ့မှ သံဃာများနှင့် လူပုဂ္ဂိုလ်များ ရောက်ရှိလာခဲ့ရာ ကိုယ်စားလှယ်ငါးဦး တက်ရောက်လေ့လာခွင့် ပြုခဲ့ပြီး အခမ်းအနားအစီစဉ်ကို ပြောင်းလဲ၍ ကျင်းပခဲ့ရကြောင်း အဆိုပါ အခမ်းအနားကျင်းပရေး ကော်မတီထံမှသိရသည်။ 

“ဦးပဉ္ဇင်းတို့က ပွဲကျင်းပတာကို သွားပြီးကန့်ကွက်တာ မဟုတ်ပါဘူး။ စာနဲ့ပဲ ခရိုင်အစိုးရကို ကန့်ကွက်စာ တင်ခဲ့တာပါ။ ကနေ့သွားတာက ငြိမ်းချမ်းရေးဟောပြောပွဲ ဆိုတာ ဘာတွေဟောမှာလဲ ချစ်ကြည်ရေး ဆိုတာကရော ဘာတွေလုပ်မှာလဲ ဆိုတာကို သိချင်တဲ့အတွက် ကော်မတီအဖွဲ့တွေနဲ့ သွားတွေ့ပြီး တက်ရောက်ခွင့်ရရင် တက်ချင်တယ်လို့ ပြောခဲ့တဲ့အတွက် လူပုဂ္ဂိုလ်ငါးယောက် တက်ခွင့်ရခဲ့တယ်” ဟု မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ အတွင်းရေးမှူး ဦးသုစိတ္တက မိန့်ကြားသည်။

“အထင်အမြင် လွဲမှားနေမှုတွေမှာ ညှိနှိုင်းဆွေးနွေးမှုကြောင့်တော့ ပြေလည်မှုတွေ ရှိခဲ့ပါတယ်။ မူလအစီအစဉ်မှာ ပါတဲ့ တရားဟောမယ့် ပုဂ္ဂိုလ်သုံးယောက်ကတော့ တရားမဟောလိုက်ရဘူးပေါ့။ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ တိုင်းက ခွင့်ပြုချက် ရရှိပြီးသားပါ” ဟု တရားဟောဆရာ ဟာဂျီ ဦးအေးလွင်က ဆိုသည်။

တမန်တော်နေ့ အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ်လူပုဂ္ဂိုလ် ခုနစ်ရာကျော်အထိ ဂါရ၀ပြု ဆင်နွှဲမှုများ ရှိခဲ့ပြီး ယခုနှစ်တွင် လူဦးရေ ရှစ်ဆယ်ခန့်သာ တက်ရောက်ခဲ့ကြောင်း ဦးအေးလွင်ထံမှ  သိရသည်။

တမန်တော်နေ့ အထိမ်းအမှတ် အခမ်းအနား ငြိမ်းချမ်းစွာ ကျင်းပနိုင်ရေးအတွက် လုံခြံရေး ရယူပေးခဲ့သော ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့မှူးက “ကျွန်တော်တို့ကတော့ လုံခြုံရေး တာဝန်ယူပေးတဲ့ သဘောပါ။ နှစ်ဖက်ညှိနှိုင်းမှုတွေ လုပ်ပြီးတော့ ငြိမ်းချမ်းစွာနဲ့ ပြီးဆုံးသွားပါတယ်” ဟု ပြောကြားသည်။ 
တမန်တော် မိုဟာမတ်၏ ဖွားတော်မူသောနေ့ အထိမ်းအမှတ် အခမ်းအနားကို YMCA ခန်းမတွင် နှစ်စဉ်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယခုအကြိမ်သည် ရှစ်ကြိမ်မြောက် ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် ဓမ္မတေးသီချင်းဖြင့် တမန်တော်ကို မေတ္တာပို့ ဂါရ၀ပြုခြင်း၊ မတ်တတ်ရပ် ဂါရ၀ဖြင့် မေတ္တာပို့ခြင်းနှင့် သတ္တ၀ါများကို ဆုတောင်းမေတ္တာပို့ခြင်းဖြင့် အခမ်းအနား အစီအစဉ်ကို အဆုံးသတ်ခဲ့သည်။

  • TAGS