POST TYPE

LOCAL

ကားပါကင်ပါသော အထပ်မြင့်များသာ ဆောက်လုပ်ခွင့်ပေးမည်
08-Jan-2017 tagged as ကား

ရန်ကုန်၊ ဇန်န၀ါရီ ၈

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခွင့်ပြုသည့် ဆောက်လုပ်ခွင့် ပါမစ်များကို ရယူရာတွင် ယာဉ်ရပ်နားရန်နေရာ ကားပါကင်ပါသည့် အထပ်မြင့် အဆောက်အအုံများကိုသာ အဆိုပါ ပါမစ်ကို ချပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

၂၀၁၇ ခုနှစ်တွင် ရှစ်ထပ်ခွဲနှင့်အထက် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရန် လျှောက်ထားပါက လုံလောက်သည့် ယာဉ်ရပ်နားရန် နေရာအကျယ်အ၀န်း ရှိမှသာ ဆောက်လုပ်ခွင့် ပါမစ်ချပေးတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“အရင်က လျှောက်ထားခဲ့တဲ့ ဆောက်လုပ်ခွင့် ပါမစ်တွေကတော့ ချထားပေးပြီးသား ဆိုတော့ ရပါတယ်။ ဒီနှစ်ထဲမှာ လျှောက်လာတဲ့ အထပ်မြင့် အဆောက်အအုံတွေက သတ်မှတ်ထားတဲ့ ကားပါကင် နေရာပါမှသာ ခွင့်ပြုတော့ပါမယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၆ ခုနှစ်တွင် ချပေးထားသည့် အထပ်မြင့် အဆောက်အအုံများမှာ ပုံမှန်အတိုင်း တည်ဆောက်ခွင့်ရမည် ဖြစ်သော်လည်း ၂၀၁၇ ခုနှစ်အတွင်း လျှောက်ထားသည့် အထပ်မြင့် အဆောက်အအုံများမှာ ကားပါကင် သီးသန့်နေရာ မပါရှိပါက ဆောက်လုပ်မှု ရပ်ဆိုင်းထားရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုလက်ရှိ ရန်ကုန်မြို့တွင် တည်ဆောက်ထားသည့် အထပ်မြင့် အဆောက်အအုံများမှာ ယာဉ်ရပ်နားရန် သီးသန့်နေရာ မရှိသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက် ရှိသောကြောင့် ယခုကဲ့သို့  သီးသန့်နေရာ ထားရှိရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“အခုလက်ရှိ ၈ ခွဲအထက် အထပ်မြင့်အဆောက်အအုံ အချို့က ပါကင်နေရာ မပါဘဲ ဆောက်တာတွေ ရှိတယ်။ အထပ်မြင့် ဆိုရင်တော့ လူဦးရေများတော့ ပါကင်ရှိမှ အဆင်ပြေတယ်။ မူဝါဒတွေ ပြောင်းလဲလိုက်ပေမယ့် အစိုးရအနေနဲ့ မြို့ထဲမှာ နေရာလေးတွေ သတ်မှတ်ပြီး ကားပါကင်ထားဖို့ လုပ်ပေးဖို့ လိုပါတယ်” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးထွန်းထွန်းလင်းက ဆိုသည်။

တရားဝင် အဆောက်အအုံများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒီဇင်ဘာလထိ အထပ်မြင့် ၃ ထပ်မှ ၈ ထပ်ခွဲထိ စုစုပေါင်း အလုံး ၃၀၀ ကျော်နှင့် ၈ ထပ်ခွဲနှင့်အထက် အထပ်မြင့်အဆောက်အအုံ ၁၀၀ ကျော်ကို ခွင့်ပြုပေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။

J-10